ဂါးမောက်သီး ကျန်းမာရေးအတွက် ကောင်းသလား
နဂါးမောက်သီးက ဒီအတိုင်းစားစား၊ ဖျော်ပဲသောက်သောက် စားကောင်းလှပါတယ်။ သွေးတိုးကျတယ်ဆိုပြီး လူသိများလာတဲ့ နဂါးမောက်သီးက ကျန်းမာရေးကို ဘယ်လို ထောက်ကူပေးလဲဆိုတာ သိချင်တယ်ဆိုရင်တော့ ဒီဆောင်းပါးလေးကို ဖတ်ကြည့်လိုက်ပါ။
နဂါးမောက်သီး ဆိုရာဝယ်
နဂါးမောက်သီးက အဖြူရောင် နဲ့ အနီရောင်ဆိုပြီး ၂ မျိုး ရှိပါတယ်။ အဖြူရောင်က အတွင်းသား အဖြူရောင်မှာ အမဲအစက်အစက် နဲ့ အစေ့လေးတွေ ပါတတ်ပြီး အနီရောင်ကတော့ အတွင်းသား အနီရောင်မှာ အမဲအစက်အစက် နဲ့ အစေ့လေးတွေ ပါတတ်ပါတယ်။ အဖြူရောင် အသီးက ခပ်ရှည်ရှည် ဖြစ်ပြီး အနီရောင်မျိုးက ခပ်ဝိုင်းဝိုင်းလေးတွေပါ။
အခွံကတော့ ပန်းရောင်မှာ အစိမ်းရောင်အဖက်လေးတွေ ပါနေတတ်ပါတယ်။ မြန်မာနိုင်ငံ ပုပ္ပါးက နဂါးမောက်သီးကတော့ အတော်လေး စားကောင်းပါတယ်။ မြန်မာနိုင်ငံ အပါအဝင် အာရှနိုင်ငံ အများစုမှာ စိုက်ပျိုးကြပါတယ်။
နဂါးမောက်သီးမှာ ဘာတွေပါလဲ
စားရတာ အရသာရှိတဲ့ နဂါးမောက်သီးမှာ
- ကယ်လ်လိုရီ
- ပရိုတင်း
- ကာဗိုဟိုက်ဒရိတ်
- အမျှင်ဓာတ်
- သံဓာတ်
- မဂ္ဂနီဆီယမ်
- ဗီတာမင် C
- ဗီတာမင် E တို့ ပါဝင်နေပါတယ်။
နဂါးမောက်သီး ကျန်းမာရေးအတွက် ကောင်းသလား
နဂါးမောက်သီး ကျန်းမာရေးအတွက် ကောင်းသလား! ဆိုတော့ ကောင်းပါတယ်။ ဘာကြောင့် ဒီလို ပြောရတာလဲဆိုတော့
အစာအိမ်နဲ့အူလမ်းကြောင်း ကျန်းမာစေတယ်
စားရတာ ချိုချိုချဉ်ချဉ်လေးနဲ့ အရသာရှိတဲ့ နဂါးမောက်သီးက အမျှင်ဓာတ် ပြည့်ဝတာကြောင့် အစာအိမ်နဲ့အူလမ်းကြောင်း ကျန်းမာစေဖို့ ထိထိရောက်ရောက် အားဖြည့်ပေးနိုင်ပါတယ်။ အစာခြေစနစ် ကျန်းမာချင်တယ်ဆိုရင်တော့ နဂါးမောက်သီး စားပေးပါ။ နဂါးမောက်သီးက အစာကြေ စေသလို ဝမ်းမှန်စေပါတယ်။ အူတွေရဲ့ လှုပ်ရှားမှု ကောင်းစေပြီး အဆာခံနိုင် စေပါတယ်။
ကျန်းမာစေတယ်
နဂါးမောက်သီးက ကျန်းမာစေတယ် ဆိုတော့ ဘယ်လို ကျန်းမာစေတာလဲဆိုတာကို သိချင်သွားပြီလား။ နဂါးမောက်သီးက ကိုလက်စထရော ပါဝင်မှုတော်တော်လေး နည်းပါတယ်။ ဒါတင် မကပါဘူး။ နဂါးမောက်သီးမှာ ကျန်းမာရေး အတွက် အထောက်အကူပြုတဲ့ အာဟာရဓာတ်တွေလည်း ကြွယ်ဝစွာ ပါဝင်နေပါတယ်။ အဝမလွန်အောင် ရှိသင့်တဲ့ ကိုယ်အလေးချိန်ထက် မများအောင် ထိန်းညှိပေးနိုင်ပါတယ်။ ကျန်းမာနေစေဖို့ နဂါးမောက်သီးကို စားသုံးပေးတာက မှန်ကန်တဲ့ ရွေးချယ်မှုပါ။
နှလုံး ကျန်းမာစေတယ်
နဂါးမောက်သီးက (LDL) လို့ခေါ်တဲ့ သွေးတွင်းက အကျိုးမပြုကိုလက်စထရောတွေကို ကျဆင်းစေပြီး (HDL) လို့ခေါ်တဲ့ အကျိုးပြု ကိုလက်စထရောကို တိုးစေပါတယ်။ သွေးတွင်းကိုလက်စထရောကို ထိန်းညှိပေးတာက နှလုံးသွေးကြောတွေကို ကျန်းမာစေပြီး နှလုံးဆီကို သွေးစီးဆင်းရောက်ရှိမှု ကောင်းစေပါတယ်။
သွေးကြောတွေထဲမှာ ပိတ်ဆို့မှု မရှိဘဲ သွေးစီးဆင်းမှု ကောင်းတာက နှလုံး ကျန်းမာစေဖို့ အကောင်းဆုံး အထောက်အကူပြုပေးပါတယ်။ နှလုံးသွေးကြောပိတ်တာ၊ ကျဉ်းတာမျိုးတွေ မဖြစ်စေဖို့လည်း ကာကွယ်ပေးနိုင်ပါတယ်။
နာတာရှည်ရောဂါတွေ ကာကွယ်ပေးတယ်
နဂါးမောက်သီးက ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ ကြွယ်ဝစွာ ပါဝင်နေတာကြောင့် ဓာတ်တိုးပစ္စည်းတွေကြောင့် ထိခိုက်မှု မဖြစ်စေဖို့ ကာကွယ်ပေးပါတယ်။ ကင်ဆာ၊ ဆီးချို နဲ့ နှလုံးရောဂါလိုမျိုး နာတာရှည် ကျန်းမာရေးပြဿနာတွေ မဖြစ်စေဖို့ နဂါးမောက်သီး စားပေးပါ။
ဆီးချို သက်သာစေတယ်
နဂါးမောက်သီးရဲ့ အမျှင်ဓာတ် ကြွယ်ဝမှုက သွေးတွင်း သကြားဓာတ်ကို ထိန်းညှိပေးသလို ရုတ်တရက် သွေးချို တက်တာမျိုး မဖြစ်စေဖို့လည်း ကာကွယ်ပေးပါတယ်။ ဝမ်းမှန်စေတာကြောင့် ဝမ်းချုပ်ပြီး သွေးချိုတက်တာမျိုး မဖြစ်စေဖို့လည်း ထောက်ကူပေးနိုင်မှာပါ။ သစ်သီး ကြိုက်တဲ့ ဆီးချို သမားတွေနဲ့ အထူးသင့်တော်တဲ့ အသီးတစ်မျိုးပါ။
အရွယ်တင်စေတယ်
နဂါးမောက်သီးရဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်း ပြည့်ဝစွာပါဝင်နေမှုက နာတာရှည်ရောဂါတွေကိုတင် ကာကွယ်ပေးတာ မဟုတ်ပါဘူး။ အသားအရေကို တင်းရင်းပြီး အရေးအကြောင်းကင်းစေဖို့လည်း ထောက်ကူပေးနေပါသေးတယ်။ အရွယ်မတိုင်ခင် အိုမင်းတာမျိုး မဖြစ်အောင် ကာကွယ်ပေးပြီး အရွယ်တင်နုပျိုတဲ့ အသားအရေကို ပိုင်ဆိုင်နိုင်စေမှာပါ။
ဝက်ခြံ ပျောက်စေတယ်
နဂါးမောက်သီးမှာ အရေပြားအတွက် အာဟာရဖြစ်တဲ့ ကော်လာဂျင် ထွက်ရှိအောင် လှုံ့ဆော်ပေးတဲ့ ဗီတာမင် C ပါဝင်နေတာကြောင့် ဝက်ခြံ နဲ့ ဝက်ခြံ အမာရွတ်တွေကို သက်သာစေနိုင်ပါတယ်။ ဝက်ခြံအပေါ်မှာ အသီးကို ကြိတ်ခြေပြီး အုံပေးလို့လည်း ရပါတယ်။
ဝိတ်ကျစေတယ်
နဂါးမောက်သီးမှာ အမျှင်ဓာတ် ပြည့်ပြည့်ဝဝ ပါဝင်နေတာက အဆာခံနိုင်စေပြီး အစားခဏခဏ မစားမိအောင် ထောက်ကူပေးပါတယ်။ ကယ်လ်လိုရီ ပါဝင်မှု နည်းတာကြောင့် ဝိတ်ကျစေဖို့ ထောက်ကူပေးနိုင်ပါတယ်။ သစ်သီးစားပြီး ဝိတ်ချမယ် စိတ်ကူးရင် နဂါးမောက်သီးကို ရွေးချယ်လို့ ရပါတယ်။
ရေးသားသူ - မွန်မွန်