ကန်စွန်းဥ စားတာ ကျန်းမာစေမလား
ကန်စွန်းဥ ဆိုတာက ထွေထွေထူးထူး ပြောပြစရာ မလိုအောင် လူတိုင်း မြင်ဖူး စားဖူးကြမယ်ထင်ပါတယ်။ ကန်စွန်းဥကို ပြုတ် ဆီးလေးဆားလေးဖျော်ပြီး တို့စားရတာက အတော်လေး အရသာရှိတာပါ။ ဒီလို စားကောင်းတဲ့ ကန်စွန်းဥလေးက စားလို့ကောင်းရုံတင် မဟုတ်ဘဲ စားသုံးသူတွေရဲ့ ကျန်းမာရေးကိုလည်း ကောင်းကျိုးတွေ ပေးစွမ်းနေတယ်ဆိုတာ သိပြီးပြီလား! မသိသေးဘူးဆိုရင်တော့ ဆောင်းပါးလေးကို အတူတူ ဖတ်ကြည့်လိုက်စို့နော်။
ကန်စွန်းဥ ဆိုရာဝယ်
ကန်စွန်းဥ ဆိုတာက ကန်စွန်းကြီးရွက်ရဲ့ အမြစ်ဥတွေပါ။ အပေါ်ယံ အခွံက ပန်းရောင်ရင့်ရင့်ရှိပြီး အတွင်းသားက ရွှေကန်စွန်းဥဆိုရင် လိမ္မော်ရောင်၊ ငချိတ်ဆိုရင် ခရမ်းရောင် နဲ့ အဖြူဆိုရင် အစိမ်းရောင် ဖျော့တော့တော့လေးပါ။ အရသာကတော့ ဘာအရောင်ဖြစ်ဖြစ် ချိုပါတယ်။
ပြုတ်စားတာ၊ မီးဖုတ်စားတာ၊ ကြော်စားတာ၊ သာကူနဲ့ ကျိုစားတာဆိုပြီူ အမျိုးမျိုး စားကြပါတယ်။ အရသာက ချိုပြီး အသားက ခပ်မွမွလေးပါ။ ပုံသဏ္ဍာန်ကတော့ လုံးလုံးလေး၊ ရှည်မြောမြောလေး စသဖြင့် ပုံစံ အမျိုးမျိုး ရှိနိုင်ပါတယ်။
ကန်စွန်းဥမှာ ဘာတွေပါလဲ
ကန်စွန်းဥမှာ ခန္ဓာကိုယ်အတွက် အကျိုးပြုတဲ့
- ပရိုတင်း
- အဆီဓာတ်
- ကာဗိုဟိုက်ဒရိတ်
- အမျှင်ဓာတ်
- သံဓာတ်
- ကယ်လ်ဆီယမ်
- မဂ္ဂနီဆီယမ်
- Phosphorus
- ပိုတက်ဆီယမ်
- ဆိုဒီယမ်
- ဆီလီနီယမ်
- ဗီတာမင် C
- ဖောလိတ်
- ခိုလင်း
- ဗီတာမင် A
- ဘီတာကယ်လ်ရိုတင်း
- ဗီတာမင် K
- ကိုလက်စထရော တို့ ပါဝင်နေပါတယ်။
ကန်စွန်းဥ စားတာ ကျန်းမာစေမလား
ကန်စွန်းဥ စားတာ ကျန်းမာစေမလား! ဆိုတော့ အဖြေက ကျန်းမာစေပါတယ်။
ကိုယ်ခံအားကောင်းစေတယ်
ကန်စွန်းဥမှာ ဗီတာမင် A ပါဝင်တာကြောင့် ကိုယ်ခံအားဆဲလ်တွေ ဖြစ်ပေါ်စေဖို့ အားပေးတာကြောင့် ကိုယ်ခံအားကို အကောင်းဆုံး အားဖြည့်ပေးပါတယ်။ ကန်စွန်းဥ စားပေးတာက ရောဂါတွေနဲ့ ကူးစက်ရောဂါတွေမဝင်ရောက်အောင် တားဆီးတဲ့ နည်းလမ်းကောင်း တစ်ရပ်ပါ။
ဝိတ်ကျစေနိုင်တယ်
ကန်စွန်းဥက အာဟာရကြွယ်ဝတာကြောင့် ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ အာဟာရတွေကို ပြည့်ပြည့်ဝဝ ဖြည့်ပေးနိုင်သလို အမျှင်ဓာတ် ကြွယ်ဝတာကလည်း အဆာခံနိုင်စေပြီး ခဏခဏ အစားစားချင်တာမျိုး မဖြစ်စေဖို့ ထောက်ကူပေးနိုင်ပါတယ်။ ဝိတ်ကျချင်သူတွေအတွက် အတိုင်းအတာ တစ်ခုအထိ စားပေးလို့ရမယ့် သဘာဝ လက်ဆောင်တစ်ရပ်ပါ။ ဝိတ်ကျချင်သလား! ကန်စွန်းဥ စားပါ။
ဆီးချိုရှိသူတွေနဲ့ သင့်တော်တယ်
ကန်စွန်းဥက သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးနိုင်ပါတယ်။ နောက်တစ်ချက်က ဆီးချိုမဖြစ်အောင် ကာကွယ်ပေးနိုင်တာပါ။ အမျှင်ဓာတ် ပြည့်ဝမှုက ခန္ဓာကိုယ်က သကြားဓာတ်စုပ်ယူမှုကို ထိန်းညှိပေးပြီး အစာခြေစနစ် ကျန်းမာစေဖို့လည်း ထောက်ကူပေးနိုင်ပါတယ်။
နာတာရှည်ရောဂါတွေ မဖြစ်အောင် ကာကွယ်ပေးပါတယ်
ကန်စွန်းဥက ကန်စွန်းရွက်လိုပဲ ကိုယ်ထဲက အဆိပ်အတောက်တွေကို ဖယ်ရှားပေးနိုင်ပါတယ်။ ခန္ဓာကိုယ်မှာ ဓာတ်တိုးပစ္စည်းတွေကြောင့် နာတာရှည်ရောဂါတွေ မဖြစ်အောင် ကာကွယ်ပေးနိုင်တဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်း [antioxidant]တွေ ကြွယ်ဝစွာပါဝင်နေပါတယ်။
ဆီးချိုရောဂါ နဲ့ နှလုံးရောဂါလိုမျိုး နာတာရှည် ကျန်းမာရေးပြဿနာတွေကို ရှောင်ချင်တယ်ဆိုရင်တော့ ကန်စွန်းဥ စားပေးပါ။ ကန်စွန်းဥက ဆဲလ်တွေ ပျက်စီးတာမျိုး မဖြစ်အောင်လည်း ကာကွယ်ပေးပါသေးသတဲ့။
ဦးနှောက် ကျန်းမာစေတယ်
ခဏခဏ မေ့တတ်နေပြီလား! ကန်စွန်းဥ စားပေးပါ။ ကန်စွန်းဥက ဦးနှောက်ရဲ့ လုပ်ဆောင်မှုကို တိုးတက်ကောင်းမွန် စေနိုင်သလို မှတ်ဉာဏ်ကိုလည်း တိုးစေနိုင်ပါတယ်။ အာဟာရကြွယ်ဝမှု နဲ့ ဓာတ်ဆိုးဆန့်ကျင်ပစ္စည်း ကြွယ်ဝမှုတွေက အသက်အရွယ်ရလာတဲ့အခါ ခံစားရနိုင်တဲ့ မှတ်မိနိုင်စွမ်း ကျလာတာတွေကို လျှော့ချပေးပါတယ်။
အမြင်အာရုံ ကျန်းမာစေတယ်
ကန်စွန်းဥမှာ အမြင်အာရုံရဲ့ ဗီတာမင်လို့ ဆိုကြတဲ့ ဗီတာမင် A ပါဝင်နေတာကြောင့် မျက်စိနဲ့ အမြင်အာရုံ ကျန်းမာစေဖို့ ထောက်ကူပေးနိုင်ပါတယ်။ မျက်စိခြောက်တာ၊ ကြက်မျက်သင့်တာ၊ အသက်အရွယ်ရလာလို့ အမြင်အာရုံ အားနည်းလာတာတွေကို ကာကွယ်ပေးပါတယ်။
လေးဖက်နာ သက်သာစေတယ်
အရသာရှိတဲ့ ကန်စွန်းဥလေးမှာ ဘီတာကယ်လ်ရိုတင်း၊ မဂ္ဂနီဆီယမ်၊ ဇင့် နဲ့ ဗီတာမင် B အုပ်စုတွေပါဝင်နေတာကြောင့် အဆစ်အမြစ်တွေ နာကျင်မှုကို သက်သာစေနိုင်ပါတယ်။ ကန်စွန်းဥကို စားပေးလို့ ရသလို ပြုတ်ရည်ကိုလည်း နာကျင်တဲ့နေရာမှာ ရေနွေးဝတ် ကပ်သလို ကပ်ပေးလို့ ရပါတယ်။
ရေဓာတ် ထိန်းညှိပေးတယ်
အမျှင်ဓာတ် ပြည့်ပြည့်ဝဝ ပါရှိနေတဲ့ ကန်စွန်းဥက ခန္ဓာကိုယ်က ရေဓာတ်တွေ မဆုံးရှုံးစေဖို့ ကာကွယ်ပေးပါတယ်။ ကိုယ်တွင်းမှာ ဆဲလ်တွေ ကောင်းမွန်စွာ လုပ်ဆောင်နိုင်စေဖို့ ကိုယ်တွင်းရေဓာတ်ကို ထိန်းညှိပေးပါတယ်။
အစာအိမ်အနာ သက်သာတယ်
အမျှင်ဓာတ် ပြည့်ဝစွာ ပါဝင်နေတာက အစာခြေစနစ်ကို ကျန်းမာစေပြီး အူတွေ လှုပ်ရှားမှု ကောင်းမွန်စေပါတယ်။ အမျှင်ဓာတ်တင်လားဆိုတော့ မဟုတ်သေးပါဘူး ကန်စွန်းဥမှာ အစာအိမ်အနာကို သက်သာစေနိုင်တဲ့ ဗီတာမင် နဲ့ သတ္တုဓာတ်တွေ ဖြစ်ကြတဲ့ ဗီတာမင် B အုပ်စု၊ ဗီတာမင် C ၊ ပိုတက်ဆီယမ် နဲ့ ကယ်လ်ဆီယမ်တို့ပါဝင်နေပါတယ်။ အစာခြေ အက်ဆစ် ထွက်ရှိမှုကိုလည်း ထိန်းညှိပေးပါတယ်။
ရေးသားသူ - မွန်မွန်