အစာအိမ်ကျန်းမာစေဖို့ ဒိန်ချဉ်စားစို့
ဒိန်ချဉ် ရေခဲတုံးလေးထည့်ပြီး သကြားနဲ့ သောက်သောက်၊ ထန်းလျက်ရည်နဲ့ သောက်သောက် အရာရှိပြီး ရင်အေးစေပါတယ်။ ကလေးရော လူကြီးပါနှစ်သက်တဲ့ စားစရာတစ်မျိုးပါ။ နို့ထွက်ပစ္စည်း တစ်မျိုးပေါ့။ ဒိန်ချဉ်က စားလို့ ကောင်းသလို ကျန်းမာရေးကိုလည်း ကောင်းကျိုးပေးပါတယ်။ ဘယ်လို ကျန်းမာရေး ကောင်းကျိုးတွေများ ရနိုင်မလဲဆိုတာ အတူတူ ကြည့်လိုက်ရအောင်နော်။
ဒိန်ချဉ် ဆိုရာဝယ်
ဒိန်ချဉ်ဆိုတာက ထွေထွေထူးထူး ပြောစရာမလိုအောင် လူတိုင်း သိထားပြီး ဖြစ်မှာပါ။ အဖြူရောင် နို့ခဲလေးတွေပါ။ နို့ကို အချဉ်ဖောက်ပြီး လုပ်ထားတဲ့ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ စားဖွယ်ပါ။ ဒိန်ချဉ်မှာမှ မလိုင်ပြည့် ဒိန်ချဉ် ရှိသလို အဆီထုတ် ဒိန်ချဉ်ဆိုပြီးလည်း ရှိပါတယ်။
ဒိန်ချဉ်မှာ ဘာတွေပါ
စားရတာ ရင်အေးစေတဲ့ ဒိန်ချဉ်မှာ lactic acid၊ probiotics၊ ကယ်လ်ဆီယမ်၊ ပရိုတင်း၊ ဗီတာမင် B12၊ ပိုတက်ဆီယမ်၊ မဂ္ဂနီဆီယမ်တို့ ပါဝင်နေပါတယ်။
အစာအိမ်ကျန်းမာစေဖို့ ဒိန်ချဉ် စားပါ
အစာအိမ်နဲ့ အူလမ်းကြောင်း ကျန်းမာချင်တယ်ဆိုရင် ဒိန်ချဉ်စားပေးလို့ ရပါတယ်။ အကြောင်းကတော့ ဒိန်ချဉ်မှာ အစာအိမ်နဲ့ အူလမ်းကြောင်းထဲက ခန္ဓာကိုယ်ကို အကျိုးပြုတဲ့ သက်ရှိဘက်တီးရီးယားလေးတွေ ပါဝင်နေတာကြောင့်ပါ။ ဒီသက်ရှိ ဘက်တီးရီးယားလေးတွေက အူတွေရဲ့ လှုပ်ရှားမှု ကောင်းမွန်စေဖို့ အူနံရံတွေကို စားလိုက်တဲ့ အစားအစာတွေကနေ အာဟာရတွေကို ပြည့်ပြည့်ဝဝ စုပ်ယူနိုင်စေဖို့ ထောက်ကူပေးသလို လေပွတာ၊ ဝမ်းချုပ်တာမျိုး မဖြစ်စေဖို့လည်း ထောက်ကူပေးပါတယ်။
ဒီတော့ ဝမ်းဗိုက်ပြဿနာ ကင်းဝေးချင်ရင် ဒိန်ချဉ် စားပေးလို့ ရပါတယ်။ ဒိန်ချဉ်က အစာခြေစနစ်ကိုတင် ကျန်းမာစေတာ မဟုတ်ပြန်ပါဘူး။ အခုလို ကျန်းမာရေး ကောင်းကျိုးတွေကိုလည်း ပေးစွမ်းနိုင်ပါသေးတယ်။
ဝိတ်ကျစေတယ်
ဒိန်ချဉ်က အဆီတွေကို လောင်ကျွမ်းစေနိုင်တာကြောင့် ဝိတ်ကျစေဖို့ ထောက်ကူပေးပါတယ်။ အဆီထုတ်ထားတာကို ရွေးချယ်ဖို့တော့ လိုပါသေးတယ်။
အရိုးသန်မာစေတယ်
ကယ်လ်ဆီယမ်နဲ့ ပရိုတင်း ပါဝင်နေတာက အရိုးတွေကို သန်မာစေပြီး အရိုးပါးတာ အရိုးပွတာတွေ မဖြစ်အောင် ကာကွယ်ပေးပါတယ်။
သွေးတိုးကျစေတယ်
ပိုတက်ဆီယမ် ပါဝင်နေတာကြောင့် ဒိန်ချဉ်က သွေးတိုးကျစေဖို့ ထောက်ကူပေးနိုင်ပါတယ်။ အဆီထုတ်ထားတာကို သောက်ရင် ပိုကောင်းပါတယ်။
ကြွက်သား သန်မာစေတယ်
ဒိန်ချဉ်မှာ ပရိုတင်း ပါဝင်နေတာကြောင့် ကြွက်သားတွေကို သန်မာစေဖို့ အားဖြည့်ပေးနိုင်ပါတယ်။ ကြွက်သားတက်ချင်တယ်ဆိုရင် အဆီထုတ်ထားတဲ့ ဒိန်ချဉ် စားပေးလို့ ရပါတယ်။
အအေးမိဖျားနာ ကာကွယ်ပေးတယ်
ဒိန်ချဉ်က ကိုယ်ခံအားကောင်းစေအောင် ထောက်ကူပေးနိုင်တဲ့ အာဟာရတွေ ကြွယ်ဝတဲ့ အစားအစာ တစ်မျိုးပါ။ ဒိန်ချဉ် ပုံမှန်သောက်ပေးတာက အအေးမိဖျားနာ မဖြစ်အောင် ကာကွယ်ပေးပါတယ်။
ဓာတ်မတည့်မှု သက်သာစေတယ်
ပတ်ဝန်းကျင်က ညစ်ညမ်းတဲ့ အရာတစ်ခုခုကြောင့် ဓာတ်မတည့်မှု ဖြစ်ခဲ့ရင် ဒိန်ချဉ် စားပေးလို့ ရပါတယ်။ ဒိန်ချဉ်က ကိုယ်ခံအားကောင်းစေသလို ဓာတ်မတည့်မှုကိုလည်း ကာကွယ်ပေးပါသေးတယ်။
ရေးသားသူ - မွန်မွန်