ကျောက်ကပ်အားနည်းရင် ဘာအစားအစာတွေရှောင်သင့်လဲ
ကျောက်ကပ်ရောဂါတွေရဲ့ အဆင့်အခြေအနေအလိုက် အစားအသောက် ချင့်ချိန်ကန့်သတ်ချက်တွေ ကွဲပြားပါတယ်။ နာတာရှည်ကျောက်ကပ်ရောဂါရဲ့ အစပိုင်းအခြေအနေနဲ့ ကျောက်ကပ် ပျက်စီးလုနီးပါးဖြစ်တဲ့ နောက်ဆုံးအဆင့် အစားအသောက် ရွေးချယ်စားသုံးပုံ မတူပါဘူး။
အကြမ်းအားဖြင့် ကျောက်ကပ်အတွက် ကောင်းမွန်တဲ့ ကျန်းမာတဲ့ စားသောက်မှုပုံစံမှာ ဆိုဒီယမ်ဓာတ်၊ ပိုတက်ဆီယမ်ဓာတ်နဲ့ ဖော့စ်ဖောရစ်ဓာတ်တွေဟာ တစ်နေ့မှာ ၂၃၀၀မီလီဂရမ်အောက်ပဲ ရှိသင့်ပါတယ်။
ကျောက်ကပ်အားနည်းတဲ့သူတွေ ဒါတွေ ရှောင်ကြမယ်။
၁။ အမည်းရောင်ရှိသော ဆိုဒါ
သဘာဝ အသားနဲ့ အရွက်ကရတဲ့ ဖော့စ်ဖောရစ်ထက် ဆိုဒါတွေမှာ အရသာကောင်းအောင် နဲ့ တာရှည်ခံအောင် ပမာဏ ပိုများများ ထည့်လေ့ရှိကြပါတယ်။ သဘာဝကရတဲ့ ဖော့စ်ဖောရစ်နဲ့ မတူတာက ဆိုဒါမှ ဖော့စ်ဖောရစ်ဟာ ဆားအနေနဲ့ တွေ့ရပြီး အစာအိမ်မှ အများအပြား စုပ်ယူနိုင်ပါတယ်။ ကိုကာကိုလာ 200 ml တစ်ပုလင်းမှာ ဖော့စ်ဖောရစ် 50-100 mg ပါဝင်တဲ့အတွက် ကျောက်ကပ်အတွက် မသင့်တော်ပါဘူး။
၂။ ထောပတ်သီး
နှလုံးကျန်းမာရေးနဲ့ ညီညွတ်တဲ့ အမျှင်ဓာတ်နဲ့ anti-oxidants ကြွယ်ဝတဲ့ ထောပတ်သီးဟာ ပိုတက်ဆီယမ် ပမာဏများစွာပါဝင်နေပါတယ်။ ပုံမှန်အရွယ်အစားရှိတဲ့ ထောပတ်သီးဟာ ပိုတက်ဆီယမ် 690 mg ခန့် ပါဝင်တာကြောင့် ကျောက်ကပ်အားနည်းသူတွေ စားမယ်ဆိုရင် တစ်လုံးရဲ့ လေးပုံတစ်ပုံသာ စားလို့ရပါမယ်။
၃။ စည်သွပ် အစားအစာများ
စည်သွပ်ဘူးအများစုဟာ တာရှည်ခံအောင် ဆိုဒီယမ်ဓာတ်များစွာ ထည့်ထားတတ်ပါတယ်။ ဒါကြောင့် ရွေးချယ်တဲ့အခါမှာ "no salt added" (ဆားမထည့်ထားတဲ့ အမျိုးအစား) ကို ဝယ်ပါ။ ဒါမှမဟုတ် ဆိုဒီယမ်ပမာဏ ၃၃-၈၀% ခန့်လျော့သွားအောင် အရည်စစ်တာ ဖြစ်စေ၊ တစ်ရေဆေးပြီး ဖြစ်စေ စားပါ။
၄။ ဂျုံစေ့ပေါင်မုန့်
ကျန်းမာရေး ပေါင်မုန့်လို့ တင်စားကြတဲ့ ဂျုံစေ့ပေါင်မုန့်ဟာ အမျှင်ဓာတ် ပါဝင်မှုများတဲ့ အချက်က ကောင်းပေမဲ့ ကျောက်ကပ်ရောဂါရှိသူတွေ အတွက်တော့ ဖော့စ်ဖောရစ်နဲ့ ပိုတက်ဆီယမ်ဓာတ် များစွာ ပါဝင်နေလို့ များများ မစားသင့်တဲ့အစာထဲ ပါဝင်နေပါတယ်။
၅။ ဆန်လုံးညို
ချက်ထားသော ဆန်လုံးညိုထမင်း တစ်ခွက်မှာ ဖော့စ်ဖောရစ် 150 mg နဲ့ ပိုတက်ဆီယမ် 154 mg ပါဝင်ပြီး ချက်ထားသော ထမင်းဖြူတစ်ခွက်မှာတော့ ဖော့စ်ဖောရစ် 69mg နဲ့ ပိုတက်ဆီယမ် 54mg သာပါဝင်ပါတယ်။ အကယ်၍ ဆန်လုံးညိုစားမယ်ဆိုရင် ပမာဏ ကန့်သတ်စားသုံးမှ အဆင်ပြေပါလိမ့်မယ်။
၆။ ငှက်ပျောသီး
ငှက်ပျောသီး အရွယ်အနေတော် တစ်လုံးမှာ ပိုတက်ဆီယမ် 422 mg ခန့်ပါဝင်တဲ့အတွက် ကျောက်ကပ်အားနည်းသူတွေ အနေနဲ့ လျှော့စားသင့်ပါတယ်။
၇။ နို့နဲ့ နို့ထွက်ပစ္စည်းများ
ဖော့စ်ဖောရစ်၊ ပိုတက်ဆီယမ်နဲ့ ပရိုတင်းဓာတ်တို့ များစွာ ပါဝင်တဲ့အတွက် ကျောက်ကပ်ရောဂါရှိသူတွေရဲ့ အရိုးကို အားနည်းစေနိုင်တဲ့အတွက် မသင့်တော်ပါ။
၈။ လိမ္မော်သီးနဲ့ လိမ္မော်ရည်
လိမ္မော်သီးနဲ့ လိမ္မော်ရည်တွေမှာ ပိုတက်ဆီယမ်ဓာတ် များစွာပါပါတယ်။ ပိုတက်ဆီယမ် ပမာဏ နည်းတဲ့ စပျစ်သီး၊ ပန်းသီး၊ cranberry တွေကို အစားထိုး စားနိုင်ပါတယ်။
၉။ တာရှည်ခံ အသားများနဲ့ ချဉ်ဖတ်များ
ဆားစိမ်၊ အခြောက်ခံ၊ စည်သွပ်၊ ပြုပြင်ထားတဲ့ ဘယ်အသားမဆိုနဲ့ အချဉ်စိမ်ထားတဲ့ ဘယ်အရွက်မဆို နာတာရှည်ရောဂါရှိသူတွေအတွက် လုံးဝ မသင့်တော်ပါ။ ဝက်/ကြက်အူချောင်း၊ ဝက်ပေါင်ခြောက်၊ သနပ်စတဲ့ အသားနဲ့ အရွက်တွေမှာ ဆိုဒီယမ် အမြောက်အမြား ပါရှိလို့ ကျောက်ကပ်အတွက် ပိုဆိုးစေပါတယ်။
၁၀။ တရုတ်ဆီးသီး
Vitamin C, A နဲ့ အမျှင်ဓာတ်များပေမဲ့ ပိုတက်ဆီယမ်ဓာတ် များပါတယ်။ တရုတ်ဆီးသီးအစို တစ်ခွက်မှာ ပိုတက်ဆီယမ် 427mg ပါပါတယ်။ ဆီးသီးအခြောက်မှာ ပိုများပါတယ်။ ဒါကြောင့် ကျောက်ကပ်အတွက် စားစရာထဲမှာ မထည့်သင့်ပါ။
၁၁။ အာလူး၊ ကန်စွန်းဥ
အာလူးနဲ့ ကန်စွမ်းဥတို့မှာလည်း ပိုတက်ဆီယမ်ဓာတ် များပါတယ်။ ပြုတ်တာ (သို့) နှစ်ပြန်ချက်ထားတဲ့အခါမှာတော ပိုတက်ဆီယမ်ဓာတ်ဟာ 50% လျော့နည်းသွားတယ်လို့ ဆိုပါတယ်။
၁၂။ ခရမ်းချဉ်သီး
ပိုတက်ဆီယမ်များတဲ့ ခရမ်းချဉ်သီးနဲ့ ခရမ်းချဉ်အနှစ်ဆော့စ်တွေဟာလည်း ကျောက်ကပ်အားနည်းသူတို့ စားရမယ့် စာရင်းထဲမှာ မပါသင့်တဲ့ အသီးဖြစ်ပါတယ်။
၁၃။ အသင့်စား ထုပ်ပိုးထားသော အစာများ
ခေါက်ဆွဲခြောက်၊ အေးခဲထားတဲ့ စားစရာတွေ၊ microwave နဲ့ လှည့်ရုံသာ ချက်စရာလိုတဲ့ ready made အစာတွေဟာ ဆိုဒီယမ်ဓာတ်များတဲ့အပြင် အာဟာရရယ်လို့ မယ်မယ်ရရ မရှိတဲ့အတွက် မသင့်တော်ပါ။
၁၄။ အသီးခြောက်များ
တည်သီးခြောက်၊ စပျစ်သီးခြောက်၊ မက်မန်းနဲ့တူတဲ့ ဆီးသီးခြောက်တွေမှာ ပိုတက်ဆီယမ် ပါဝင်မှု များစွာ မြင့်ပါတယ်။ ကျောက်ကပ်အတွက် ရှောင်ရှားသင့်ပါတယ်။
ရေးသားသူ - Dr. May Myat Tun
Khaing may nwe 10 Nov 2023 |
ကိတ်မုန့်တို ဘီစကွက်တို့ရော တစ်ခါတစ်လေတော့ စားလို့ရလား အာလူးနဲ့ကန်စွန်းဥ ကစားလို့ရတာလား စားမရတာလား ဆေးက၆လသောက်ရတာမလို့