ညအိပ်ရာမဝင်ခင် သွားတိုက်ပြီးသွားမှ အစာစားတာ ခံတွင်းကျန်းမာရေးအတွက် ပြဿနာရှိလား
ညဘက်ဆိုရင် သန်းခေါင်ကျော်တဲ့အထိ မအိပ်ဘဲ ဖုန်းလေးပွတ်ပြီး ချက်တင်ဝင်လိုက်ရမှ၊ ကိုရီးယားကားလေးတွေ ကြည့်ရင်း ရေခဲသေတ္တာထဲက မုန့်တွေကို ရှယ်ပလန်နဲ့ ထိုင်စားတတ်သူတွေရှိရင် ဒီအကျင့်ဟာ သင့်ကျန်းမာရေးအတွက် လုံးဝမကောင်းဘူးဆိုတာကို သိပြီးသားဖြစ်မယ်လို့ ထင်ပါတယ်။
ညအိပ်ရာမဝင်ခင် သွားတိုက်ပြီးတာနဲ့ အကောင်းဆုံးက အိပ်စက်အနားယူခြင်းပါပဲ။ ဒီလိုမဟုတ်ဘဲ အချိန်အကြာကြီး မအိပ်ဘဲ နေတဲ့အခါ ဘယ်လောက်ပဲ အစာအိမ်က ပင်ပန်းနေပါစေ၊ ဗိုက်ဆာလာမှာပါပဲ။ ဒီလိုမဟုတ်ရင်တောင် ဦးနှောက်က အစာစားဖို့အတွက် အချက်ပြတဲ့အနေနဲ့ အစာစားချင်စိတ်ကို ဖြစ်စေမှာပါ။ ဒီတော့ အဲဒီလိုညဘက်သွားတိုက်ပြီးမှ မအိပ်ဘဲ အစာစားလိုက်တဲ့အခါ ခံတွင်းကျန်းမာရေးပြဿနာအနေနဲ့
- စားကြွင်းစားကျန်များ သွားကြားထဲ ညှပ်ပြီး ဘက်တီးရီးယားပိုးများ ပိုပေါက်လာစေနိုင်တယ်။
- ညဘက်အစာစားပြီးတဲ့အခါ ဘယ်သူကမှ သွားပြန်မတိုက်တော့တဲ့အတွက် ဒီပိုးမွှားတွေက သွားကြားထဲမှာပဲ ကျန်ခဲ့မှာပါ။
- ညအိပ်ရာဝင်တဲ့အခါ ခံတွင်းနဲ့ သွားများ တံတွေးမထွက်တော့တဲ့အတွက် ခြောက်သွေ့ပြီး ဘက်တီးရီးယားပိုးတွေ ပိုပေါက်လာစေပါတယ်။
- ညဘက်မှာ အစာစားတတ်သူတွေဟာ ခံတွင်းနဲ့ ခန္ဓာကိုယ်ကျန်းမာရေးနဲ့ မညီညွတ်တဲ့ မုန့်ပဲသရေစာတွေကို ပိုစားတတ်ကြတဲ့အတွက် ခံတွင်းအတွက်လည်း ဆိုးကျိုးကိုသာ ပိုဖြစ်စေပါတယ်။
- ညဘက်တွေမှာ ရေသောက်နည်းတာကြောင့် တံတွေးသိပ်မထွက်တော့တဲ့အတွက် တံတွေးမှာပါတဲ့အက်စစ်နဲ့အတူ ရောဂါပိုးတွေ ဖယ်ရှားသွားအောင် ဆောင်ရွက်နိုင်ခြင်း မရှိတော့ပါဘူး။
- ညဘက်မှာ အစာစားခြင်းဟာ သွားရဲ့အပေါ်ယံကြွေလွှာကို ပါးသွားစေပြီး သွားပျက်စီးစေနိုင်ပါတယ်။
- သွားပိုးပေါက်တွေ ဖြစ်စေပြီး သွားပိုးစားခြင်း၊ သွားဖုံးသွေးယိုစီးခြင်း၊ ရေစီးကမ်းပြိုလိုက်ခြင်း စတဲ့ ကျန်းမာရေးပြဿနာတွေလည်း ဖြစ်စေနိုင်ပါတယ်။
- ခံတွင်းအနံ့ဆိုးတွေ ပိုထွက်လာစေနိုင်ပါတယ်။
ဒါဆို ခံတွင်းကျန်းမာရေးတစ်ခုပဲ ဖြစ်စေနိုင်တာလားဆိုတော့ လုံးဝမဟုတ်ပါဘူး။ အထွေထွေ ရုပ်ခန္ဓာကျန်းမာရေးအရ ကြည့်မယ်ဆိုရင်လည်း
၁။ ညဘက်မှာ အစာစားခြင်းဟာ သွေးတွင်း ကယ်လိုရီဓာတ်၊ အဆီဓာတ်နဲ့ သကြားဓာတ်ကို ပိုများစေနိုင်ပြီး သွေးတိုး၊ နှလုံး၊ ဆီးချိုရောဂါတွေကို ပိုဖြစ်စေနိုင်ပါတယ်။
၂။ အစာအိမ်ရဲ့ အစာချေဖျက်တဲ့လုပ်ငန်းစဉ်ဟာ မနက်ပိုင်း၊ နေ့လယ်ပိုင်းကလိုမဟုတ်ဘဲ အလွန်နှေးကွေးနေမှာဖြစ်တဲ့အတွက် အစာမကြေဖြစ်ပြီး စားချင့်ရည်အက်စစ်များ အပေါ်ပြန်ကန်တဲ့ ပြဿနာတွေ ဖြစ်လာနိုင်ပါတယ်။
၃။ ဝမ်းချုပ်ပြီး ဝမ်းအမာသွားတာ၊ သွေးဝမ်းသွားတာအပြင် ကိုယ်လက်မအီမသာဖြစ်စေနိုင်ပါတယ်။
၄။ အစာစားမှုဆိုင်ရာ ပုံမှန်မဟုတ်တဲ့ စိတ်ကျန်းမာရေးပြဿနာတွေ ဖြစ်လာနိုင်ပြီး ကိုယ့်ပုံမှန် ကျန်းမာရေးနဲ့ စားသောက်နေထိုင်မှုပုံစံတွေမှာ အဟန့်အတားဖြစ်စေနိုင်ပါတယ်။
၅။ စိတ်ဖိစီးမှုကိုလည်း ပိုတိုးလာစေနိုင်ပြီး ဦးနှောက်အာရုံကြောစနစ်နဲ့ တွေးခေါ်မှုကို နှေးကွေးလေးလံသွားစေတယ်။
၆။ လူကိုထိုင်းမှိုင်းစေပြီး အားမရှိသလို နုန်းခွေစေတယ်။
၇။ ကိုယ်တွင်းအင်္ဂါတွေကို ပင်ပန်းစေတဲ့အတွက် နောက်နေ့နိုးထလာတဲ့အခါ အသက်ရှူစနစ်၊ အစာချေစနစ် စတဲ့ ပုံမှန်ခန္ဓာကိုယ်က လုပ်နေကျစနစ်တွေမှာ ထိခိုက်လာစေနိုင်ပါတယ်။
၈။ ခန္ဓာကိုယ်အလေးချိန်ကို ပိုတိုးလာစေနိုင်ပြီး အဝလွန်လာစေပါတယ်။
ဒါကြောင့် တတ်နိုင်ရင် ညဘက်တွေမှာ သွားတိုက်ပြီးတာနဲ့ တစ်ခါတည်းတန်းအိပ်ပါ။ အကယ်လို့ ကိုယ်က နောက်ကျမှအိပ်တတ်ပြီး မုန့်ပဲသရေစာစားတတ်တဲ့ အကျင့်ရှိတယ်ဆိုရင် အိပ်ခါနီးမှသာ သွားကိုတိုက်ပါ။ ဒါမှမဟုတ် သွားတိုက်ပြီးသွားရင်လည်း သွားပွတ်တံနဲ့ သွားကိုခြစ်ပေးတာ၊ ပလုတ်ကျင်းတာ၊ ခံတွင်းသန့်စင်ဆေးရည်နဲ့ ပလုတ်ကျင်းတာမျိုး လုပ်ပေးပါ။
ရေရှည်မှာ ညဘက်တွေ အစာစားတဲ့အကျင့်ဟာ ခန္ဓာကိုယ်ကျန်းမာရေးအတွက် ဆိုးကျိုးတွေသာ ဖြစ်စေတာကြောင့် ဒီအကျင့်ကို စောစီးစွာ ဖျောက်နိုင်ရင်တော့ သင့်ကျန်းမာရေးအတွက် ပိုကောင်းလာပါလိမ့်မယ်။
Source: https://ventamis.com/2018/02/14/what-happens-when-you-eat-after-brushing-your-teeth-at-night/
ရေးသားသူ - ရဲမျိုးမြတ်