ရိုးသားရင် သင် ပိုကျန်းမာပါလိမ့်မယ်
ခေတ်အဆက်ဆက်က စာပေကျမ်းဂန်တွေထဲမှာ စိတ်ကျန်းမာရင် လူချမ်းသာတယ်ဆိုတဲ့ စကား ကြားဖူးကြတယ်မဟုတ်လား။ စိတ်နှလုံးကောင်းမွန်ပြီး ရိုးသားတဲ့လူတွေဟာ ဇာတ်သိမ်းမှာ ကောင်းမွန်ချမ်းသာခြင်းအတိနဲ့ ပျော်ရွှင်စွာနေထိုင်သွားကြရလေ သတည်းပေါ့။
ဒီကနေ့ခေတ်မှာတော့ ရိုးသားပါ ဆိုတဲ့စကားဟာ လူတိုင်းလက်သုံးစကားဖြစ်ပေမယ့် လူတိုင်း ရိုးသားကြဖို့ကတော့ မလွယ်ကူဘူးလို့ ဆိုလာကြပါတယ်။ ရိုးသားခြင်းဟာ ရှားပါးမှုတစ်ခုဖြစ်လာပြီး လူတွေအလေးအနက်ထားမှုလည်း လျော့နည်းလာသယောင်ယောင်ပါပဲ။ ရိုးသားတာ ကောင်းပေမယ့် ရိုးသွားဖို့တော့ ခက်တယ်လို့ တစ်ချို့က အကြောင်းပြလာကြတယ်။
ရိုးသားတာ ကောင်းတယ်လို့ ဘယ်လိုပြောပြော သိပ္ပံခေတ်ကြီးထဲမှာ သက်သေပြလေလို့ မေးခွန်းထုတ်နေကြသူတွေလည်း တစ်ပုံချည်းမဟုတ်လား။ ဒါပေမယ့် ရိုးသားတာက ကောင်းတဲ့ကိစ္စတစ်ခုဆိုတာကို သိပ္ပံနည်းကျ ပြောပြချင်ပါတယ်။
လူ့အသိုင်းအဝိုင်းအတွင်းက အကျိုးရှိမှုတွေကိုအသာထား အနီးစပ်ဆုံးပြောရရင် ရိုးသားခြင်းဟာ ကျန်းမာခြင်းဆိုတဲ့ လာဘ်ကြီးတစ်ပါးကို ပေးစွမ်းနိုင်ပါတယ်တဲ့။ ဒါက အမှန်တရားပါပဲ။ စိတ်ပညာဆိုင်ရာ လေ့လာချက်တွေအရ ရိုးသားတဲ့လူတွေဟာ လိမ်ညာတတ်တဲ့လူတွေထက်ပိုပြီး ကျန်းမာကြပါတယ်တဲ့။
ရိုးသားမှုဟာ လူ့အဖွဲ့အစည်းအတွင်းက လူအချင်းချင်းဆက်ဆံရေးမှာတင် တန်ဖိုးရှိတာမဟုတ်ပါဘူး။ ကျန်းမာရေးအတွက်လည်း အကျိုးပြုပါတယ်။ ဟန်မဆောင်ပဲ ရင်ထဲမှာရှိတဲ့အတိုင်း မှန်မှန်ကန်ကန်ပြောဆိုတတ်သူတွေဟာ စိတ်ဖြောင့်ကြတဲ့အတွက် စိတ်ဖိစီးမှုတွေမရှိပဲ စိတ်ကျန်းမာတတ်ကြတယ်။ စိတ်ကျန်းမာတဲ့အခါ ရုပ်ခန္ဓာကြီးလည်း အကျိုးရှိလာတာပေါ့။
ရိုးသားတဲ့လူတွေဟာ
- ကိုယ့်ကိုယ်ကို ယုံကြည်မှုမြင့်မားတယ် - မရိုးမဖြောင့် မပြုမူတဲ့အခါ စိုးရိမ်ပူပန်စရာမရှိတော့ပါဘူး။ ဒီတော့ ကိုယ့်ကိုယ်ကို ယုံကြည်မှုက အမြင့်ဆုံးမှာရှိနေမယ်။ ကိုယ့်ကိုယ်ကို ယုံကြည်မှု အပြည့်အဝရှိနေတာမို့ စိတ်ဖိစီးတာတွေ၊ စိတ်ဓာတ်ကျတာတွေ၊ သံသယလွန်ကဲတာတွေ ကင်းဝေးနေမှာပါ။ စိတ်ချမ်းသာနေမှုရဲ့ နောက်ဆက်တွဲအနေနဲ့ အိပ်ရေးဝတာ၊ အစားမှန်တာတွေလိုမျိုး နေ့စဉ်ဘဝအတွက်ပါ အကျိုးကျေးဇူးတွေ ရရှိတော့မှာပါ။
- သောကနည်းမယ် - ရိုးသားခြင်းက စိတ်ပူပင်သောကတွေကို သိသိသာသာ လျှော့ချပေးပါတယ်။ ရိုးသားမှုရှိနေတဲ့အတွက် ကိုယ့်ရဲ့အပြုအမူနဲ့ ပြောစကားတွေအတွက် ဘာပူပင်မှုမှရှိနေစရာမလိုဘူးလေ။ ဒီတော့ စိတ်ချမ်းသာမယ်။ ဘာကိုမှ တွေးပူနေဖို့ မလိုတော့ဘူးပေါ့။ နောက်ပြီး ရိုးသားသူတွေဟာ ကောင်းမွန်တဲ့ အမှတ်တရတွေရှိနေတတ်တာမို့ စားမြုံ့ပြန် ပြန်တွေးတိုင်းလည်း စိတ်ချမ်းသာရတတ်ပါတယ်။ ဒီတော့ သူတို့ဟာ ရိုးသားလို့ စိတ်ချမ်းသာ၊ စိတ်ချမ်းသာလို့ စိတ်ကျန်းမာပြီး တစ်သက်လုံးဒီအကျိုးကျေးဇူးကို ပိုင်ဆိုင်နေမှာပါ။
- ရောဂါအဖြစ်နည်းမယ် - ရိုးရိုးသားသား အမှန်အတိုင်းပြောဆိုသူတွေဟာ လိမ်ညာပြောဆိုသူတွေထက် ခေါင်းကိုက်တာ၊ လည်ချောင်းနာတာ၊ ဖျားနာတာ၊ မူးဝေတာတွေဖြစ်နည်းပြီး ပုံမှန်ကျန်းမာကြံ့ခိုင်မှုပိုင်းမှာ အများကြီးသာလွန်ကောင်းမွန်ပါတယ်။ ဒီအချက်တွေက ပြင်သစ်က လေ့လာချက်တစ်ရပ်ရဲ့ ဖော်ပြချက်ပါ။
- ဆေးဝါးကုသလို့ လွယ်တယ် - ရိုးသားသူတွေဟာ ဆရာဝန်-လူနာဆက်ဆံရေးမှာ ထိရောက်မှုရှိပြီး သူတို့ရဲ့ ရိုးသားစွာပြောဆိုမှုကြောင့် ဆေးဝါးကုသရာမှာ ပိုမိုတိကျစွာ ရောဂါရှာဖွေနိုင်ပြီး ဆေးဝါးကုသရေးမှာ အလွန်အကျိုးရှိစေပါသေးတယ်။
ဒီလောက်ဆိုရင် ရိုးသားခြင်းဟာ ကျန်းမာရေးကို ဘယ်လောက် အကျိုးရှိစေလဲဆိုတာကို နားလည်စေနိုင်လောက်ပြီလို့ ယူဆပါတယ်။ ရိုးသားကြည့်ပါ။ လူမှုဘဝမှာသာမကပဲ ကျန်းမာရေးကိုပါ အကျိုးဖြစ်ထွန်းစေမှာပါ။
နှလုံးသားကလာတဲ့စကားတွေက နှလုံးသားဆီရောက်တယ်လို့ ရာဘင်ဒြာနာ့သ် တဂိုးက ပြောဖူးပါတယ်။ ဆိုလိုချင်တာက ရင်ထဲအသဲထဲကနေ နက်နက်ရှိုင်းရှိုင်းထုတ်ပြောလာတဲ့ ရိုးသားတဲ့စကားတွေဟာ တစ်ဖက်သားကို နားဝင်စေနိုင်တယ် စိတ်ချမ်းမြေ့စေနိုင်တယ်ပေါ့။ ကဲ ရိုးသားတာ ဘယ်လောက်အထိ ကောင်းသလဲ။ ကိုယ့်အတွက်လည်း အကျိုးရှိ၊ သူများအတွက်လည်း အကျိုးရှိစေတဲ့ နည်းနာတစ်ရပ်မဟုတ်ပေဘူးလား။
ရေးသားသူ - ရဲဇွန်အောင်