ဆီးချိုဟာ အထီးကျန် အဖော်မဲ့သူတွေကို ပိုဒုက္ခပေးသလား
ဆီးချိုဟေ့လို့ ဆိုလိုက်တာနဲ့ အဝလွန်တာတွေ၊ အဆီအစိမ့် အချိုစားတာတွေနဲ့ သွေးတိုးသမားတွေမှာ ပိုဖြစ်တယ်လို့ ပုံသေကားကျ တွေးမိတတ်ကြတာများပါတယ်။ တကယ်တမ်းမှာတော့ ဆီးချိုရောဂါက မြန်မာပြည်မှာသာမက တစ်ကမ္ဘာလုံးမှာပါ အဖြစ်များတဲ့ရောဂါတစ်မျိုးဖြစ်ပြီး အကြောင်းအရင်း အမျိုးမျိုးကြောင့် ဖြစ်နိုင်ခြေရှိတယ်လို့ ဆိုလို့ရပါတယ်။ ဒီလိုဖြစ်နိုင်ခြေ အကြောင်းအရင်းတွေထဲမှာ စိတ်ပိုင်းဆိုင်ရာ ပြဿနာ တွေလည်းပါဝင်နေပါတယ်။
လေ့လာချက်အရဆိုရင် အရွယ်ရောက်ပြီးချိန်မှာ အထီးကျန်နေတဲ့သူတွေဟာ ဆီးချိုဝေဒနာ ဖြစ်နိုင်ခြေ ဒါမှမဟုတ် ပြင်းထန်နိုင်ခြေပိုများတယ်လို့ ဆိုပါတယ်။ ဆီးချိုရောဂါဟာ စိတ်ဓာတ်ကျဝေဒနာနဲ့ ဆက်စပ်နေတယ်ဆိုတာကို ရှာဖွေတွေ့ရှိထားတာလည်း သိပ်မကြာသေးတာမို့ စိတ်ဝေဒနာတွေနဲ့ ဆီးချိုတိုရဲ့ အဆက်အစပ်က ပိုမိုနက်ရှိုင်းလှတယ်လို့ သတ်မှတ်ရတော့မှာပါ။
ဆီးချိုနဲ့ စိတ်ကျန်းမာရေး ဘယ်လိုပတ်သက်နေသလဲ
များသောအားဖြင့် ဆီးချိုဝေဒနာကို ဖြစ်နိုင်စေတဲ့ ကိစ္စတော်တော်များများက ဆေးလိပ်သောက်သုံးတာ၊ အရက်သောက်သုံးတာ၊ သကြားမှီဝဲမှုအခြေအနေတွေ၊ ကိုယ်အလေးချိန်တွေနဲ့ ဆက်စပ်နေတာများတယ်လို့ လူသိများပါတယ်။ ဒါပေမယ့် စိတ်ကြောင့် ဆီးချိုပိုဆိုစေတယ်ဆိုတာကိုတော့ လူသိနည်းလှပါတယ်။
ဗြိတိန်က လေ့လာချက်အသစ်တစ်ခုရဲ့ ဖော်ပြချက်အရဆိုရင် အထီးကျန်အဖော်မဲ့ခြင်းဟာ Gen Z မျိုးဆက် ၈၀% နဲ့ Millennials မျိုးဆက် ၇၀% တို့မှာ တွယ်ညိနေပြီး သူတို့တွေဟာ ဆီးချိုဝေဒနာ ခံစားရနှုန်း တခြားသူတွေထက် ပိုမိုမြင့်မားနေတယ်လို့ ဆိုပါတယ်။
အထီးကျန်တယ်ဆိုတာကို အဓိပ္ပါယ်ဖွင့်ဆိုရာမှာတော့ လူမှုပတ်ဝန်းကျင်နဲ့ကင်းကွာနေပြီး သီးသန့်ဖြစ်တည်နေတဲ့ စိတ်အခြေအနေမျိုးကိုဆိုလိုတာပါ။ လူငယ်မျိုးဆက်တွေမှာ ဆိုရှယ်မီဒီယာတွေနဲ့ အွန်လိုင်းလူ့အဖွဲ့အစည်းတွေကြောင့် စိတ်ဖိစီးမှုနဲ့ အထီးကျန်ဆန်မှုဝေဒနာတွေကို ပိုမိုခံစားနေရပြီး ဒီအချက်ဟာ လူငယ်တွေမှာ ဆီးချိုဖြစ်ပွားနှုန်းပိုမိုမြင့်တက်လာတာနဲ့ ဆက်စပ်နေတယ်လို့ လေ့လာချက်တွေက ဆိုပါတယ်။
ဆီးချိုကြောင့် စိတ်ဓါတ်ကျခြင်း၊ စိတ်ဖိစီးခြင်း၊ စိုးရိမ်ကြောင့်ကြခြင်းနဲ့ တခြားစိတ်ခံစားမှုတွေခံစားရနိုင်ပါတယ်။ သွေးချိုကို ပုံမှန်ရောက်အောင်ထိန်းချုပ်ခြင်းနဲ့အတူ စိတ်ပိုင်းဆိုင်ရာပြောင်းလဲမှုကိုထိန်းချုပ်ဖိုဆိုတာ ခက်တောခက်ခဲနိုင်ပါတယ်။
အပြန်အလှန်အားဖြင့် အထီးကျန်အဖော်မဲ့မှုဝေဒနာဟာလည်း တခြားစိတ်ဝေဒနာတွေလိုပဲ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးကို ထိခိုက်စေနိုင်ပြီး ဆီးချိုဖြစ်ဖို့တွန်းအားပေးနေတဲ့ အဝလွန်တာနဲ့ နှလုံးရောဂါတွေကိုဖြစ်စေနိုင်ပါတယ်။ လန်ဒန်အခြေစိုက် ကင်းစ်ကောလိပ်က သုတေသနပညာရှင်တွေရဲ့ အဆိုအရ အထီးကျန်သူတွေဟာ ကိုယ်အလေးချိန်တိုးတာ၊ ကိုယ်လက်လှုပ်ရှားမှုနည်းလာတာ၊ ဆေးလိပ် အရက်သောက်သုံးနှုန်းမြင့်တာ၊ သွေးတိုးရောဂါရှိလာတာနဲ့ နှလုံးရောဂါတွေဖြစ်လာတာကြောင့် ဆီးချိုရောဂါဖြစ်လာဖို့ အင်နဲ့အားနဲ့တွန်းပို့နေသလိုဖြစ်စေတယ်လို့ သုတေသနပြုချက်က ဖော်ပြခဲ့ပါတယ်။
ဆီးချိုနဲ့ အထီးကျန်မှုကို ဘယ်လိုကာကွယ်မလဲ
အထီးကျန်မှုနဲ့ ဆီးချိုဝေဒနာ ၂ မျိုးလုံးကို ကာကွယ်ဖို့ဆိုရင် ကိုယ်နဲ့သင့်လျော်တဲ့ အားကစားတစ်မျိုးကို တစ်ရက်ကို မိနစ် ၃၀ ကနေ တစ်နာရီထိပြုလုပ်တာက အကောင်းဆုံးနည်းလမ်းဖြစ်ပါတယ်။ နောက်တစ်ချက်တော့ အချိုနဲ့ အဆီအစိမ့်စားသုံးမှုကို လျှော့ချပြီး အာဟာရပြည့်ဝအောင် မှီဝဲစားသုံးခြင်းပေါ့။
လေ့ကျင့်ခန်းမှန်မှန်လုပ်ခြင်းဖြင့် သွေးတိုးနိုင်ချေလျော့စေတဲ့အပြင် ဆီးချိုဖြစ်စေတဲ့အရာတွေဖြစ်တဲ့ သွေးထဲက သကြားဓါတ်နဲ့ ကိုယ်အလေးချိန်ကိုလည်း ထိန်းချုပ်ပေးနိုင်သလို အချိုနဲ့ အဆီတွေကို ဖြတ်တောက်ခြင်းအားဖြင့်လည်း အဝမလွန်စေပဲ ဆီးချိုဖြစ်နိုင်ခြေကို ဟန့်တားပေးပါလိမ့်မယ်။
ရေးသားသူ - ရဲဇွန်အောင်