Cyberbullying နဲ့ ကလေးများရဲ့ စိတ်
ဒီဂျစ်တယ်လ် နည်းပညာတွေ ခေတ်စားလာတဲ့ခေတ်ကြီးမှာ အင်တာနက်၊ ဆိုရှယ်လ်မီဒီယာတွေကို လက်ကိုင်ဖုန်းတစ်လုံး ရှိရုံနဲ့ အလွယ်တကူ အသုံးပြုနိုင်လာတဲ့နည်းတူ မကောင်းတဲ့ အကျိုးဆက်အဖြစ် နောက်ယောင်ခံရခက်တဲ့ လူမသိ သူမသိ သူတစ်ပါးကို ထိခိုက်တိုက်ခိုက်ဖို့လွယ်တဲ့ နည်းလမ်းတစ်ရပ်ပါ ဖြစ်လာပါတော့တယ်။ များပြားလှတဲ့ Social Media Platforms တွေ ဖြစ်တဲ့ Facebook ၊ Instagram ၊ Tik Tok ၊ Snapchat စတဲ့ နေရာတွေဟာ Cyberbully လုပ်တဲ့သူတွေရဲ့ သားကောင်ရှာစရာ စားကျက်နေရာတွေ ဖြစ်လာပါတော့တယ်။
မိသားစုတိုင်းလိုလိုမှာလည်း ကွန်ပြူတာ၊ စမတ်ဖုန်း၊ တက်ပလက်တွေမှာ အင်တာနက် လွယ်လင့်တကူ ချိတ်ဆက်ထားကာ ကလေးတွေအတွက် အပန်းဖြေဖို့နဲ့ သင်ကြားရေးတွေအတွက် ရည်ရွယ်ကာ သုံးလာကြပါတယ်။ သို့ပေမဲ့ မသင့်တော်တဲ့ အကြောင်းအရာတွေကို မမြင်မိ၊ မကြည့်မိအောင် အမြဲတမ်း စောင့်ကြည့်ကြပ်မတ်ဖို့ကတော့ ပြောသလောက် မလွယ်နိုင်ပါဘူး။ ဒီအခါမှာ ကလေးတွေဆီကို ရိုးစင်းတဲ့ အီးမေးလ်တွေ၊ စာတွေ အဆက်မပြတ်ဝင်တာတွေ၊ စိတ်ပိုင်းဆိုင်ရာအရ တိုက်ခိုက်နှောင့်ယှက်တဲ့ မှတ်ချက်တွေ ဖတ်နေရတာတွေ စတာတွေ အားလုံးဟာ Cyberbullying အောက်မှာ အကျုံးဝင်တယ်ဆိုတာ သတိမထားမိ ဖြစ်တတ်ကြပါတယ်။
Cyberbullying အမျိုးအစားများ
Cyberbullying ဟာ အဓိကအားဖြင့် (၂) မျိုးရှိပါတယ်။
1. တိုက်ရိုက် တိုက်ခိုက်ခြင်း
အနိုင်ကျင့်သူ Cyberbully ဟာ သူ့ရဲ့ ပစ်မှတ်တစ်စုံတစ်ယောက်ကို အီးမေးလ်၊ ဖုန်း Message၊ စကားပြောတဲ့ Chatroom ၊ ဆိုရှယ်လ်မီဒီယာ ပိုစ့်တွေကတစ်ဆင့် မကောင်းတဲ့ မှတ်ချက်တွေကအစ ကိုယ်ထိလက်ရောက် တိုက်ခိုက်မယ်ဟု ခြိမ်းခြောက်တာတွေအထိ ဆက်တိုက်ပို့ကာ အနှောင့်အယှက်ပေးနိုင်ပါတယ်။
2. အတုအယောင်ကို အသုံးပြုခြင်း ( Cyberbullying by proxy)
ခံရသူ မသိနိုင်တဲ့ နာမည်လွဲ အီးမေးလ်နဲ့ အသုံးပြုသူ ID ကို သုံးကာ Cyberbully တို့ ကျင်လည်နေတဲ့ အရပ်အဝန်းထဲမှာ ရှိတဲ့သူအားလုံးဆီကို ပစ်မှတ်တစ်စုံတစ်ယောက်ရဲ့ ကိုယ်ရေးကိုယ်တာတွေ၊ မဟုတ်မမှန် ကောလာဟလတွေ၊ မုန်းတီးစရာ လုပ်ကြံဇာတ်လမ်းတွေကို မျှဝေလိုက်ကာ အရှက်ရစရာ၊ အမြင်စောင်းချင်စရာ အခြေအနေအဖြစ် ဖန်တီးလိုက်ပြီး တိုက်ခိုက်တာမျိုးလည်း ဖြစ်နိုင်ပါတယ်။