လိင်အင်္ဂါမှာဖြစ်နိုင်တဲ့ ကင်ဆာအမျိုးအစားများ
လူ့ခန္ဓာကိုယ်ရဲ့ နေရာအစိတ်အပိုင်း၊ ကိုယ်တွင်းကလီစာအားလုံးမှာ ကင်ဆာဆဲလ်များ ပြန့်နိုင်သလို အမျိုးသားတွေရဲ့ လိင်အင်္ဂါအတွင်းမှာလည်း ကင်ဆာရောဂါ ဖြစ်နိုင်ပါတယ်။ ဖြစ်နိုင်တဲ့ ကင်ဆာတွေကတော့ လိင်တံကင်ဆာနဲ့ ဝှေးစေ့ကင်ဆာဖြစ်ပြီး နှစ်ခုလုံးကတော့ ရှားပါးတဲ့ ကင်ဆာ Case တွေပဲဖြစ်ပါတယ်။ ဒါပေမယ့်လည်း လုံးဝမဖြစ်နိုင်တာတော့ မဟုတ်တဲ့အတွက် သတိမပေါ့စေချင်ပါဘူး။
လိင်တံကင်ဆာ
လိင်တံကင်ဆာအကြောင်း ပြောရမယ်ဆိုရင် အမျိုးသားတွေရဲ့ လိင်တံအတွင်းမှာ ကင်ဆာဆဲလ်များ အဆမတန်များလာတာကြောင့် အမြစ်တွယ်လာတဲ့ ကင်ဆာရောဂါဖြစ်ပါတယ်။ စောစီးစွာသိရှိပြီး ကုသမယ်ဆိုရင် ပျောက်ကင်းနိုင်ခြေ အလွန်များပါတယ်။ လိင်တံကင်ဆာအမျိုးအစားတွေကတော့
- လိင်တံထိပ် အရေပြားမှာ အစပျိုးပြီး လိင်တံအစိတ်အပိုင်းအားလုံးမှာ တွေ့နိုင်တဲ့ လိင်တံကင်ဆာ (Squamous cell သို့မဟုတ် Epidermoid Carcinoma) - လိင်တံကင်ဆာတွေ့ရှိသူတွေရဲ့ ၉၅% ဟာ ဒီအမျိုးအစားပဲဖြစ်ပါတယ်။
- လိင်တံအတွင်း သွေးကြောများ၊ ကြွက်သားနဲ့ အဆီတွေမှာ ကင်ဆာဆဲလ်များဖြစ်တဲ့ အမျိုးအစား (Sarcoma)
- လိင်တံအရေပြားရောင်ခြယ်ဆဲလ်ထဲမှာ ကင်ဆာဆဲလ်များ ဖြစ်ပေါ်တဲ့ အမျိုးအစား (Melanoma)
- လိင်တံအရေပြားရဲ့ အောက်ဆုံးအလွှာမှာ အစပျိုးပြီး ဖြည်းဖြည်းချင်းအမြစ်တွယ်ကာ တခြားခန္ဓာကိုယ်အစိတ်အပိုင်းထိပါ ပြန့်နိုင်တဲ့ အမျိုးအစား (Basal Cell Carcinoma) ပဲ ဖြစ်ပါတယ်။
လိင်တံကင်ဆာကို ဖြစ်စေတဲ့ အဓိကအကြောင်းရင်းကိုတော့ လက်ရှိအချိန်ထိ မရှာတွေ့သေးပေမဲ့
- လိင်အင်္ဂါကြွက်နို့ ဗိုင်းရပ်စ် (HPV) ရှိခြင်း
- ဆေးလိပ်သောက်သုံးခြင်း
- အသက် ၆၀ နှင့်အထက် ရှိခြင်း
- HIV ပိုးကူးစက်ခံရခြင်း သို့မဟုတ် AIDS ရောဂါရှိခြင်းကြောင့် ကိုယ်ခံအားစနစ် ယိုယွင်းနေခြင်း
- လိင်တံထိပ်အရေပြား မဖြတ်ထားခြင်း
- တစ်ကိုယ်ရေသန့်ရှင်းမှု မရှိခြင်း
- ဆိုရီရေးစစ်အရေပြားရောဂါကို ဓာတ်ရောင်ခြည်ကုထုံးဖြင့် ကုသမှုခံယူခဲ့ခြင်း စတဲ့အချက်တွေ ရှိသူတွေမှာ ပိုအဖြစ်များပါတယ်။