လိင်အင်္ဂါမှာဖြစ်နိုင်တဲ့ ကင်ဆာအမျိုးအစားများ
လူ့ခန္ဓာကိုယ်ရဲ့ နေရာအစိတ်အပိုင်း၊ ကိုယ်တွင်းကလီစာအားလုံးမှာ ကင်ဆာဆဲလ်များ ပြန့်နိုင်သလို အမျိုးသားတွေရဲ့ လိင်အင်္ဂါအတွင်းမှာလည်း ကင်ဆာရောဂါ ဖြစ်နိုင်ပါတယ်။ ဖြစ်နိုင်တဲ့ ကင်ဆာတွေကတော့ လိင်တံကင်ဆာနဲ့ ဝှေးစေ့ကင်ဆာဖြစ်ပြီး နှစ်ခုလုံးကတော့ ရှားပါးတဲ့ ကင်ဆာ Case တွေပဲဖြစ်ပါတယ်။ ဒါပေမယ့်လည်း လုံးဝမဖြစ်နိုင်တာတော့ မဟုတ်တဲ့အတွက် သတိမပေါ့စေချင်ပါဘူး။
လိင်တံကင်ဆာ
လိင်တံကင်ဆာအကြောင်း ပြောရမယ်ဆိုရင် အမျိုးသားတွေရဲ့ လိင်တံအတွင်းမှာ ကင်ဆာဆဲလ်များ အဆမတန်များလာတာကြောင့် အမြစ်တွယ်လာတဲ့ ကင်ဆာရောဂါဖြစ်ပါတယ်။ စောစီးစွာသိရှိပြီး ကုသမယ်ဆိုရင် ပျောက်ကင်းနိုင်ခြေ အလွန်များပါတယ်။ လိင်တံကင်ဆာအမျိုးအစားတွေကတော့
- လိင်တံထိပ် အရေပြားမှာ အစပျိုးပြီး လိင်တံအစိတ်အပိုင်းအားလုံးမှာ တွေ့နိုင်တဲ့ လိင်တံကင်ဆာ (Squamous cell သို့မဟုတ် Epidermoid Carcinoma) - လိင်တံကင်ဆာတွေ့ရှိသူတွေရဲ့ ၉၅% ဟာ ဒီအမျိုးအစားပဲဖြစ်ပါတယ်။
- လိင်တံအတွင်း သွေးကြောများ၊ ကြွက်သားနဲ့ အဆီတွေမှာ ကင်ဆာဆဲလ်များဖြစ်တဲ့ အမျိုးအစား (Sarcoma)
- လိင်တံအရေပြားရောင်ခြယ်ဆဲလ်ထဲမှာ ကင်ဆာဆဲလ်များ ဖြစ်ပေါ်တဲ့ အမျိုးအစား (Melanoma)
- လိင်တံအရေပြားရဲ့ အောက်ဆုံးအလွှာမှာ အစပျိုးပြီး ဖြည်းဖြည်းချင်းအမြစ်တွယ်ကာ တခြားခန္ဓာကိုယ်အစိတ်အပိုင်းထိပါ ပြန့်နိုင်တဲ့ အမျိုးအစား (Basal Cell Carcinoma) ပဲ ဖြစ်ပါတယ်။
လိင်တံကင်ဆာကို ဖြစ်စေတဲ့ အဓိကအကြောင်းရင်းကိုတော့ လက်ရှိအချိန်ထိ မရှာတွေ့သေးပေမဲ့
- လိင်အင်္ဂါကြွက်နို့ ဗိုင်းရပ်စ် (HPV) ရှိခြင်း
- ဆေးလိပ်သောက်သုံးခြင်း
- အသက် ၆၀ နှင့်အထက် ရှိခြင်း
- HIV ပိုးကူးစက်ခံရခြင်း သို့မဟုတ် AIDS ရောဂါရှိခြင်းကြောင့် ကိုယ်ခံအားစနစ် ယိုယွင်းနေခြင်း
- လိင်တံထိပ်အရေပြား မဖြတ်ထားခြင်း
- တစ်ကိုယ်ရေသန့်ရှင်းမှု မရှိခြင်း
- ဆိုရီရေးစစ်အရေပြားရောဂါကို ဓာတ်ရောင်ခြည်ကုထုံးဖြင့် ကုသမှုခံယူခဲ့ခြင်း စတဲ့အချက်တွေ ရှိသူတွေမှာ ပိုအဖြစ်များပါတယ်။
လိင်တံကင်ဆာ ရှိမရှိကို လိင်တံပေါ်မှာဖြစ်နေတဲ့ ပြောင်းလဲမှုတွေဖြစ်တဲ့ အရေပြားထူထပ်မှု၊ အရေပြားအရောင်၊ အနီကွက်များ၊ အကြေးခွံလိုဖြစ်နေတဲ့ အဖုအပိမ့်များ၊ အကျိတ်များ၊ အောက်သိုးသိုးအနံ့ရှိတဲ့ အရည်များ လိင်တံထိပ်မှ စိမ့်ထွက်နေခြင်း၊ အနာကွက်ဖြစ်ပြီး သွေးထွက်နေခြင်း စတဲ့လက္ခဏာများကို ကြည့်ခြင်းဖြင့် သိနိုင်ပါတယ်။
ရောဂါကို ကုသဖို့အတွက် စောစီးစွာ သိရှိတဲ့အခြေအနေမှာ ကင်ဆာအရေပြားလိမ်းဆေး၊ ပြင်းထန်တဲ့အအေးချိန်မှာ ထိန်းသိမ်းထားတဲ့အရည် သို့မဟုတ် စက်ကိရိယာဖြင့် ကင်ဆာဆဲလ်များကို သေစေတဲ့ ကုထုံး (Cryotherapy)၊ ကင်ဆာဆဲလ်ပြန့်နေတဲ့ အရေပြားအလွှာကို တစ်လွှာချင်းစီ ခွဲစိတ်ဖယ်ရှားခြင်း၊ လေဆာဓာတ်ရောင်ခြည်ပစ်ခြင်း၊ လိင်တံထိပ်အရေပြားဖြတ်ခြင်းဖြင့် ကုသနိုင်ပါတယ်။
သိတာနည်းနည်းနောက်ကျလို့ ကင်ဆာဆဲလ် တော်တော်လေး ပြန့်နေပြီဆိုရင်တော့ ပေါင်ခြံမှာရှိတဲ့ ပြန်ရည်ကြောများကို ခွဲစိတ်ဖယ်ရှားခြင်း၊ ဓာတ်ရောင်ခြည်ကုထုံးနှင့် ကီမို ကင်ဆာကုထုံးဖြင့် ကုသခြင်း၊ လိင်တံရဲ့ အစိတ်အပိုင်းတချို့ သို့မဟုတ် လိင်တံတစ်ခုလုံးကို ခွဲစိတ်ဖယ်ရှားခြင်း စတဲ့နည်းလမ်းတွေနဲ့ ကုသပေးမှာဖြစ်ပါတယ်။
ဝှေးစေ့ကင်ဆာ
အမျိုးသားလိင်အင်္ဂါရဲ့ အနောက်ဘက်၊ အောက်ကိုတွဲကျနေတဲ့
ကပ္ပါယ်အိတ်အတွင်းထဲက ဝှေးစေ့တွေမှာ ဖြစ်တဲ့ ကင်ဆာရောဂါပါ။ များသောအားဖြင့် ဝှေးစေ့တစ်လုံးတည်းမှာ ဖြစ်တတ်ပြီး နာကျင်မှုမရှိဘဲ ရောင်ရမ်းခြင်း၊ အကျိတ်ဖြစ်နေခြင်း၊ ပုံသဏ္ဍာန်ပြောင်းလဲခြင်း စတဲ့လက္ခဏာတွေကို ကြည့်ရင်း အလွယ်တကူသိနိုင်ပါတယ်။ ဒီကင်ဆာဟာလည်း အဖြစ်နည်းပါတယ်။
လိင်တံကင်ဆာနဲ့ ကွာခြားတဲ့အချက်ကတော့ ဝှေးစေ့ကင်ဆာဟာ အရွယ်ငယ်သေးတဲ့ အမျိုးသားတွေမှာ ပိုအဖြစ်များနိုင်တဲ့အချက်ပါပဲ။ အထူးသဖြင့် အသက် ၁၅ နှစ်မှ ၄၉ နှစ်ကြား အမျိုးသားတွေမှာ ပိုအဖြစ်များနိုင်ပါတယ်။ ဝှေးစေ့ကင်ဆာကို ဖြစ်စေတဲ့ အကြောင်းရင်းအတိအကျကိုလည်း ရှာနိုင်ခြင်းမရှိသေးပါဘူး။ ဒါပေမယ့်
- ဝှေးစေ့တစ်လုံး ဗိုက်ထဲမှာကျန်နေပြီး ကပ္ပါယ်အိတ်အတွင်း မပြုတ်ကျလာခြင်း
- မိသားစုမှာ ရောဂါရာဇဝင်ရှိခဲ့ဖူးခြင်း
- ဝှေးစေ့ကင်ဆာဖြစ်ခဲ့ဖူးခြင်း (နောက်ထပ်ဖြစ်တဲ့အချိန်မှာ ပထမတစ်ကြိမ်မှာ ဖြစ်တဲ့ ဝှေးစေ့မဟုတ်ဘဲ ကျန်တဲ့တစ်လုံးမှာ ပိုအဖြစ်များပါတယ်)
ဝှေးစေ့ကင်ဆာသည်လည်း လိင်တံကင်ဆာလိုပဲ ရောဂါအခြေအနေကို စောစီးစွာသိရှိပြီး ကုသမှုခံယူမယ်ဆိုရင် သက်သာပျောက်ကင်းနိုင်ပါတယ်။ ကိုယ့်မှာဖြစ်တဲ့ ရောဂါအခြေအနေပေါ် မူတည်ပြီး ကင်ဆာဆဲလ်များ ပြန့်နေတဲ့ ဝှေးစေ့ကို ခွဲစိတ်ဖယ်ထုတ်ခြင်း၊ ကီမို ကင်ဆာကုထုံး (Chemotherapy)၊ ဓာတ်ရောင်ခြည်ကုထုံး စတဲ့ နည်းလမ်းများဖြင့် ကုသနိုင်ပါတယ်။
ရေးသားသူ - ရဲမျိုးမြတ်