လက်ဖျံရိုးကျိုးခြင်း
လူတိုင်းဟာ ရှေ့ဘက်ကို မှောက်လျက် ချော်လဲမလိုဖြစ်ခဲ့ရင် မိမိကိုယ်ကို ကာကွယ်တဲ့ပုံစံမျိုးနဲ့ လက်နှစ်ဖက်ကို လက်ဖဝါးနဲ့ ထောက်လေ့ရှိတာ သဘာဝပါ။ ဒီလိုအခြေအနေမျိုးမှာ လက်ဖနှောင့်နဲ့ ကြမ်းပြင်၊ သံမံတလင်းစတာတွေနဲ့ ရိုက်မိတဲ့အရှိန်ကြောင့် လက်ကောက်ဝတ်ရဲ့အထက် တစ်လက်မအကွာမှာတည်ရှိနေတဲ့ လက်ဖျံရိုး (Radius) ကျိုးတတ်ပါတယ်။ အသက်ကြီးသူများ (အထူးသဖြင့် အမျိုးသမီး) များ ပိုကျိုးလွယ်ပါတယ်။
လက္ခဏာရပ်များ
လက်ဖျံရိုးကျိုးနိုင်ခြေရှိတဲ့ လက္ခဏာတွေကတော့ အောက်ပါတိုင်းဖြစ်ပါတယ်။
- ချော်လဲတဲ့ပုံစံက လက်ထောက်လျက် လဲလေ့ရှိတယ်
- လက်ကောက်ဝတ်နဲ့ လက်ဖျံမှာ နာတယ်၊ ယောင်ယမ်းတယ်
- ကျိုးတဲ့ဘက်က မလှုပ်ရှားနိုင်တော့ပဲဖြစ်နေမယ်
- ကျိုးသွားတဲ့လက်ဖျံဘက်ခြမ်းဟာ ခရင်းခွပုံစံအဖြစ် ပုံပျက်သွားပါမယ် (ကျိုးသွားတဲ့ Radius လက်ဖျံရိုးရဲ့ အဖျားဟာ နောက်ကြောဘက်ဆီ ရွေ့သွားတဲ့အတွက် ခရင်းကဲ့သို့ အဖျားက နောက်လန်တဲ့ပုံစံမျိုးဖြစ်တတ်တာမို့ ၎င်းကို Dinner fork deformity လို့ ခေါ်တွင်ခြင်းဖြစ်ပါတယ်)
နောက်ဆက်တွဲ ဆိုးကျိုးများ
လက်ကျိုးတာပဲ ကုသလိုက်ရင် အရိုးပြန်ဆက်သွားမှာပေါ့ဆိုပြီး ခပ်ပေါ့ပေါ့မတွေးလိုက်ပါနဲ့။ လက်ဖျံရိုးကျိုးခြင်းကြောင့် အောက်ပါ နောက်ဆက်တွဲ ကျန်းမာရေးပြဿနာတွေ ကြုံရနိုင်ပါတယ်။
- လက်ဖျံရိုးနဲ့ လက်ကောက်ဝတ်အနီးရှိ အရွတ်များ ပြတ်ထွက်ထိခိုက်နိုင်ခြင်း
- လက်ဖျံရှိကြွက်သားများ သိမ်ခြင်း
- သွေးကြောများ ထိခိုက်ပျက်စီးခြင်း
- အရိုးဆက်ချိန် ကြာမြင့်ခြင်း
- အရိုးကောင်းစွာ မဆက်ခြင်း
- အရိုးမဆက်တော့ခြင်း
- လက်မထောင်နိုင်အောင် လှုပ်ရှားပေးတဲ့ကြွက်သား ထိခိုက်ခြင်း စတာတွေ ဆက်လက်ဖြစ်ပေါ်နိုင်ပါတယ်။
ကုသမှုနည်းလမ်း
လက်ဖျံရိုးကျိုးတဲ့ လူနာတွေကို ကျွမ်းကျင်တဲ့ ဆရာဝန်နဲ့ပြသပြီး အောက်ပါနည်းလမ်းတွေနဲ့ ကုသပေးလို့ရပါတယ်။
လှုပ်ရှားမှု ကန့်သတ်ခြင်း
ကျိုးသွားတဲ့ လက်ဖျံရိုးကို ကျောက်ပတ်တီး ၄ ပတ်ကြာ စည်းနှောင်ပေးရမှာဖြစ်ပါတယ်။
မူလအနေအထားဖြစ်အောင် ပြန်လည်တည့်မတ်ခြင်း
မေ့ဆေးပေးပြီး အားသုံးကာ ချော်ထွက်သွားသော အရိုးများကို ပြန်လည် တည့်မတ်ရတာမျိုး ရှိပါတယ်။ လက်ကို အရိုးအရှည်အတိုင်း ဆန့်သွားအောင် လက်ကနေ ဆွဲထုတ်၊ ရွေ့သွားသော လက်ဖျံအဖျားကို လက်ဖမိုးပေါ်မှာ မူလနေရာပြန်ရောက်အောင် ပြန်ဖိထည့်၊ လက်ကောက်ဝတ်ကို ကွေးစေကာ ကျောက်ပတ်တီးကို ၆ ပတ်ကြာအောင် ဝတ်ဆင်ရပါတယ်။ ဓာတ်မှန်နဲ့ မှန်ကန်သော အနေအထားရောက်၊ မရောက် စစ်ဆေးရပါတယ်။ ပခုံးအဆစ်နဲ့ လက်ချောင်းများ ပြန်လည်သန်စွမ်းအောင် လေ့ကျင့်ခန်းများ ပုံမှန်ပြုလုပ်ရပါတယ်။
ဝါယာထည့်သွင်းကာ ခိုင်ခံ့အောင် ပြုပြင်ရခြင်း
အရိုးရဲ့အချို့အစိတ်အပိုင်းတွေ ကြေမွတာမျိုးအထိ ထိခိုက်ထားလျှင်တော့ ပြန်လည်တည့်မတ်ပြီးသည့်အခါ အရိုးတုထည့်သွင်းတပ်ဆင်ခြင်း၊ ဝါယာနဲ့ ခိုင်ခံ့အောင်ပြုပြင်ခြင်းများ လိုအပ်လျှင် ဆက်လက်ကုသခံရပါတယ်။
ဖော်ပြထားသည့် အရိုးကျိုးသော လက္ခဏာများခံစားရလျှင် (သို့) ကျောက်ပတ်တီးဝတ်ထားရချိန်၌ လက်ချောင်းထိပ်များ ယောင်လာခြင်း၊ ပြာလာခြင်း၊ နာလာခြင်း ဖြစ်ခဲ့လျှင် အရိုးအထူးကုဆရာဝန်များထံ သွားရောက်ပြသဖို့ တိုက်တွန်းပါရစေ။
ဒေါက်တာ - မေမြတ်