သားအိမ်ခေါင်းကင်ဆာ
ရာသီမဟုတ်ဘဲ သွေးဆင်းတာမျိုးတွေဖြစ်နေတတ်လို့၊ သွေးဆုံးပြီးသူ အိမ်ကအမေ၊ အဖွားက သွေးတွေပြန်ဆင်းနေလို့ သားအိမ်ခေါင်းကင်ဆာဖြစ်နေမလားလို့ စိုးရိမ်နေရင် ရောဂါအကြောင်းလေး လေ့လာကြည့်ရအောင်နော်။
သားအိမ်ခေါင်းကင်ဆာဟာ ကမ္ဘာတဝှမ်းရှိ အမျိုးသမီးတွေကင်ဆာတွေထဲမှာ လေးခုမြောက် အဖြစ်အများဆုံးကင်ဆာ ဖြစ်ပါတယ်။ သားအိမ်ခေါင်းကင်ဆာဖြစ်ရခြင်းရဲ့ ၉၅ ရာခိုင်နှုန်းခန့်ဟာ HPV လို့ခေါ်တဲ့ ဗိုင်းရပ်စ်ပိုးကြောင့်ပါ။ HPV ဟာ လိင်မှတဆင့်ကူးစက်လေ့ရှိတဲ့ဗိုင်းရပ်စ်ပိုး ဖြစ်ပါတယ်။ ဒါကြောင့် လိင်အတွေ့အကြုံလုံးဝမရှိသူများထက် လိင်အတွေ့အကြုံရှိဖူးသူ၊ အိမ်ထောင်သည်အမျိုးသမီးတွေမှာ ပိုဖြစ်ပါတယ်။
HPV ကူးစက်ခြင်းခံရပြီးရင် ပိုးဟာ များသောအားဖြင့် သူ့အလိုလို ပျောက်ကင်းသွားတတ်ကြပြီး တချို့သူတွေမှာတော့ မပျောက်ဘဲ နှစ်ချီကြာလာတဲ့အခါ နာတာရှည်အနာဖြစ်ရာမှ ကင်ဆာသို့ ကူးပြောင်းစေပါတယ်။ HIV ဗိုင်းရပ်စ်ပိုးပါ တွဲလျက်ရှိနေတဲ့ အမျိုးသမီးတွေဆိုရင် သာမာန်ထက် ခြောက်ဆခန့် ပိုပြီး သားအိမ်ခေါင်းကင်ဆာ ဖြစ်နိုင်ခြေရှိပါတယ်။
ဘယ်လို ကာကွယ်နိုင်သလဲ?
အဓိကကတော့ အမျိုးသမီးများ HPV ကာကွယ်ဆေးထိုးထားခြင်းဟာ အတိုင်းအတာတစ်ခုအထိ ကာကွယ်နိုင်စွမ်းရှိပါတယ်။ အပျိုဖော်မဝင်မီ အသက် ၉ နှစ်မှ ၁၄ နှစ်မိန်းကလေးများနှင့် လိင်အတွေ့အကြုံလုံးဝမရှိခင်အရွယ်ကတည်းက ထိုးထားရင်ပိုပြီး ထိရောက်မှုရှိပါတယ်။
ကာကွယ်ဆေးများထိုးထားခြင်း၊ လူထုကြားလိင်ပိုင်းဆိုင်ရာပညာပေးများ ဖြန့်ဝေခြင်း၊ အမျိုးသားများ လိင်တံထိပ် အရေပြားဖြတ်ထားခြင်း၊ လိင်ဆက်ဆံဖော်နည်းခြင်း၊ မရှောင်နိုင်ပါက အကာအကွယ်ကွန်ဒုံးသုံးခြင်း၊ ဆေးလိပ်ဖြတ်ခြင်းများဖြင့်လည်း ကာကွယ်နိုင်ပါတယ်။
- သားအိမ်ခေါင်းတို့ဖတ်ခြစ်ယူခြင်း
မိန်းမကိုယ်ထဲမှတဆင့် သားအိမ်ခေါင်းရှိအပေါ်ယံအလွှာကို တို့ဖတ်ခြစ်ယူကာ ဓာတ်ခွဲစစ်ဆေးခြင်းဖြစ်ပါတယ်။ နာကျင်မှု မရှိ၊ ထုံဆေး၊ မေ့ဆေးမလိုဘဲ ဆေးခန်းမှာတင် အလွယ်တကူပြုလုပ်နိုင်တဲ့ စစ်ဆေးမှု တစ်ခုဖြစ်ပါတယ်။ သားအိမ်ခေါင်းကင်ဆာဟာ ဖြစ်စအဆင့်ဆိုရင် ရောဂါလက္ခဏာမပြတတ်တဲ့အတွက် စောစီးစွာသိပြီး ကုသမှုခံယူနိုင်အောင် အသက် ၃၀ ကျော် အမျိုးသမီးတွေမှာ ၅နှစ်ခြား သို့မဟုတ် ၁၀ နှစ်ခြားတစ်ခါ သားအိမ်ခေါင်းတို့ဖတ် မှန်မှန်ခြစ်ယူစစ်ဆေးပေးခြင်း လုပ်သင့်ပါတယ်။ HIV ဗိုင်းရပ်စ်ပိုးပါတွဲရှိနေတဲ့ အမျိုးသမီးတွေဆိုရင် ၃ နှစ်ခြားတစ်ခါ စစ်ဆေးသင့်ပါတယ်။
ရောဂါနှင့် ပတ်သက်ပြီး သက်ဆိုင်ရာ ဆရာဝန်များနှင့်လည်း ပွင့်လင်းစွာ တိုင်ပင်ကာ အကြံဉာဏ်ရယူနိုင်ပါတယ်။
ဘယ်သူတွေမှာ အဖြစ်များသလဲ?
ဘယ်လိုလူတွေမှာ သားအိမ်ခေါင်းကင်ဆာ ပိုပြီးအဖြစ်များသလဲဆိုရင်တော့
- လိင်ဆက်ဆံဖော်များတဲ့သူများ
- လိင်အတွေ့အကြုံကို ငယ်စဥ်ကတည်းက စောစီးစွာရှိသူများ
- လိင်မှတဆင့် ကူးစက်တတ်သောရောဂါရှိသူများ
- ကိုယ်ခံအားကျနေသူများ
- ဆေးလိပ်သောက်သူများ မှာ ပို ဖြစ်တတ်ပါတယ်။
သားအိမ်ခေါင်းကင်ဆာဆိုရင် ဘာလက္ခဏာတွေပြတတ်သလဲ?
သားအိမ်ခေါင်းကင်ဆာက ဖြစ်စအဆင့်ဆိုရင် ရောဂါလက္ခဏာမပြတတ်ပါဘူး။ ကင်ဆာအနာကြီးလာရင်
- ရာသီမဟုတ်ဘဲ သွေးဆင်းခြင်း၊ တစ်စက်စက်ကျခြင်း
- သွေးဆုံးပြီးအမျိုးသမီးတွေမှာ သွေးဆင်းခြင်း
- လိင်ဆက်ဆံပြီးနောက် သွေးဆင်းခြင်း
- လိင်ဆက်ဆံစဥ် နာကျင်ခြင်း
- မိန်းမကိုယ်မှ အလွန်အနံ့ပြင်းပြီး နံသောအရည်များကျခြင်း အပြင်
- ကင်ဆာပြန့်သွားရင် ခါးနှင့် တင်ပါးခွက်ထဲတွင် နာကျင်ခြင်း၊ ခြေလက်များ ဖောယောင်လာခြင်း၊ ရေဖျင်းစွဲခြင်း၊ ကိုယ်အလေးချိန်ကျ ပိန်ချုံးခြင်းများဖြစ်တတ်ပါတယ်။
သားအိမ်ခေါင်းကင်ဆာကို သားအိမ်ခေါင်းတို့ဖတ်ခြစ်ယူစစ်ဆေးခြင်း၊ မိန်းမကိုယ်ထဲ တိုက်ရိုက်ကြည့်ရှုစစ်ဆေးခြင်း၊ အသားစယူ ဓာတ်ခွဲခြင်းများဖြင့် ရောဂါရှာဖွေလေ့ရှိပါတယ်။ ရောဂါအခြေအနေပေါ်မူတည်ပြီး ခွဲစိတ်ခြင်း၊ ဓာတ်ရောင်ခြည်ကုထုံးနှင့် ကင်ဆာဆေးသွင်းခြင်းများဖြင့် ကုသနိုင်ပါတယ်။
ရေးသားသူ - ဒေါက်တာ ယုမွန်