နှလုံးသားလေး သွေးတိုး စမ်းရအောင်
သွေးတိုးရောဂါ ဆိုတာ လူတိုင်း ကြားဖူးသိဖူးတဲ့ ရောဂါတစ်ခုပါ။ အိမ်တိုင်း အိမ်တိုင်းနီးပါးမှာ သွေးတိုးရောဂါ ခံစားနေရသူတွေ ရှိတတ်ပါတယ်....(ယူကေမှာတော့ အရွယ်ရောက်ပြီးသားသူတွေရဲ့ သုံးပုံတစ်ပုံက သွေးတိုးရောဂါ ရှိကြတယ်လို့ ဆိုပါတယ်)။ ဒါပေမယ့် သွေးတိုးရောဂါအကြောင်း သေချာသိသလား ဆိုရင်တော့ မသိတာက ပိုများမှာပါ။ ရောဂါအကြောင်း မသိသလို ရောဂါရှိနေမှန်းလည်း မသိကြတာများပါတယ်။ ဒါကြောင့်လည်း သွေးတိုးရောဂါရဲ့ နောက်ဆက်တွဲ ကျောက်ကပ်၊ နှလုံးရောဂါတွေ၊ လေဖြတ်တာ၊ ဦးနှောက်သွေးကြောပြတ်တာတွေ အဖြစ်များတာပါ။
သွေးတိုး ဆိုတာ ဘာလဲ??
ခန္ဓာကိုယ်ထဲက သွေးကြောတွေထဲမှာ သွေးဖိအားများလာတာပါ။ နှလုံးက သွေးညှစ်အား (Cardiac Output) များလို့ဖြစ်စေ၊ သွေးကြောတွေရဲ့ ခုခံအား (Peripheral Vascular Resistance) များလို့ဖြစ်စေ၊ နှစ်ခုလုံးကြောင့် ဖြစ်စေ သွေးကြောတွေထဲမှာ ဖိအားများလာတာကို သွေးတိုးရောဂါလို့ ခေါ်ပါတယ်။ သွေးပေါင်တိုင်းတဲ့အခါ အပေါ်သွေးနဲ့ အောက်သွေးဆိုပြီး မီလီမီတာမာကျူရီ (mmHg) နဲ့ ပြပါတယ်။
သွေးပေါင်ချိန် 90/60 mmHg ကနေ 120/80 mmHg ကြားကို ပုံမှန်သွေးပေါင်ချိန် အဖြစ် သတ်မှတ်ပြီး 120/80 mmHg ကနေ 140/90 mmHg ကြားကိုတော့ သွေးတိုးဖြစ်နိုင်ခြေ ရှိတဲ့ သတိထားရမယ့် အခြေအနေလို့ မှတ်ယူပါတယ်။ သွေးပေါင် 140/90 mmHg နဲ့အထက် ရှိရင်တော့ သွေးတိုးရှိတယ်လို့ သတ်မှတ်ပါတယ်။
အဲဒီလို သတ်မှတ်ရာမှာ တစ်ကြိမ်တည်း တိုင်းယုံနဲ့မဟုတ်ဘဲ နှစ်ကြိမ်ကို အနည်းဆုံး ၆ နာရီခြားပြီး တိုင်းရာမှာ 140/90 mmHg နဲ့အထက် ရှိမှ သွေးတိုးလို့ သတ်မှတ်တာပါ။ သွေးပေါင်ချိန် 180/120 mmHg နဲ့ အထက်ဆိုရင်တော့ အရေးပေါ်သွေးတိုးအခြေအနေ (Hypertensive Emergency) လို့ခေါ်ပြီး ဆေးရုံ၊ဆေးခန်းကို အမြန်ဆုံး လွှဲအပ်သင့်တဲ့ အခြေအနေပါ။
ကိုယ်လက်လှုပ်ရှားထားခြင်း၊ စိတ်ဖိစီးမှုများခြင်း၊ စိတ်လှုပ်ရှားနေခြင်းများကလည်း သွေးပေါင်မြင့်တက်စေတာမို့ သွေးပေါင်မတိုင်းခင် ၅-၁၀ မိနစ်ခန့် ငြိမ်သက်စွာ နားနေပြီးမှ တိုင်းခြင်းက မှန်ကန်တဲ့ သွေးပေါင်ချိန်ကို ရရှိစေမှာပါ။
ဘယ်လိုလူတွေမှာ သွေးတိုး ဖြစ်နိုင်သလဲ
သွေးတိုးအဖြစ်များတဲ့သူတွေက ဘယ်လိုလူတွေလဲ ဆိုရင်...
- အဝလွန်တဲ့သူ
- ဆားနဲ့ တိရိစ္ဆာန်အဆီတွေ အလွန်အကျွံ စားသုံးပြီး သစ်သီးနဲ့ ဟင်းသီးဟင်းရွက် လုံလောက်အောင် မစားသုံးတဲ့သူ
- ကိုက်လက်လှုပ်ရှား လေ့ကျင့်ခန်း လုံလောက်အောင် မလုပ်တဲ့သူတွေ
- အရက်နဲ့ ကော်ဖီ အလွန်အကျွံ သောက်သုံးသူ
- ဆေးလိပ်သောက်သူ
- အိပ်ချိန်မလုံလောက်၊ အိပ်ရေးဝအောင် မအိပ်တဲ့သူ
- အသက် ၆၅ နှစ်အထက် လူကြီးများ
- စိတ်ဖိစီးမှုများတဲ့သူ
- ဆီးချိုနဲ့ ကျောက်ကပ်ရောဂါ အခံရှိသူ
- သွေတိုးမျိုးရိုး ရှိသူတွေမှာ ဖြစ်နိုင်ခြေ ပိုများပါတယ်။
ဒါကြောင့် အထက်ပါ စာရင်းထဲမှာ ပါတဲ့သူတွေနဲ့ အသက် ၄၀ အထက်ဆိုရင် အခါအားလျော်စွာ သွေးပေါင်ချိန်ကို စစ်ဆေးသင့်ပါတယ်။
သွေးတိုးရောဂါက ပျောက်ကင်းနိုင်သလား?
သွေးတိုးရောဂါ ပျောက်တဲ့ဆေးဆိုတာ မရှိပါဘူး။ အနေအထိုင် အစားအသောက် ဆင်ခြင်မယ်၊ သွေးပေါင်မှန်မှန်တိုင်း၊ ဆေးမှန်မှန်သောက်မယ် ဆိုရင် သွေးပေါင်မတက်အောင် ထိန်ထားနိုင်မှာ ဖြစ်ပါတယ်။
အနေအထိုင် မဆင်ခြင်၊ ဆေးမှန်မှန်မသောက်ရင်တော့ နောက်ဆက်တွဲ ပြဿနာတွေ ဖြစ်တဲ့...
- နှလုံးရောဂါ ( Heart diseases)၊
- နှလုံးအမောဖောက်ခြင်း (Heart attacks)
- နှလုံးပျက်စီးခြင်း (Heart failure)
- လေဖြတ်ခြင်း (Strokes)
- သွေးကြောနှင့် ဆိုင်သောရောဂါများ (Peripheral Arterial diseases)
- နှလုံးသွေးကြောမကြီး ကျယ်ခြင်း (Aortic Aneurysms)
- ကျောက်ကပ်ရောဂါများ (Kidney diseases) စတာတွေ ဖြစ်လာနိုင်ပါတယ်။
အရေးပေါ်လက္ခဏာတွေက ဘာလဲ?
သွေးတိုးရှိသူတွေအနေနဲ့ ရင်ဘတ်အလွန်အမင်း အောင့်တာ၊ ခေါင်းကိုက်ပြင်းထန်ပြီး မျက်စိဝါးတာ၊ ပျို့အန်တာ၊ အသက်ရှုကြပ်တာ၊ တက်တာ၊ သတိလစ်တာတွေ ဖြစ်လာရင် ဆေးရုံကို ချက်ချင်း သွားရပါမယ်။
သွေးတိုးရောဂါကို ဘယ်လို ကုသမလဲ?
ကုသခြင်း....
(၁) ဘဝနေထိုင်မှု ပုံစံပြောင်းလဲပါ
- ဆားနဲ့ အငန်တွေ လျှော့စားတာ၊
- လေ့ကျင့်ခန်း မှန်မှန်လုပ်တာ၊
- ဆေးလိပ်ဖြတ်တာ၊
- အရက်နဲ့ ကော်ဖီလျှော့သောက်တာ၊
- ကိုယ်အလေးချိန် ပုံမှန်ဖြစ်အောင်ထိန်းတာ၊
- စိတ်တည်ငြိမ်အောင် တရားထိုင်တာတွေက သွေးပေါင်ကို ထိန်းညှိပေးမှာ ဖြစ်သလို နောက်ဆက်တွဲ ရောဂါတွေမဖြစ်အောင်လည်း ကာကွယ်ပေးမှာပါ။
(၂) သွေးကျဆေး မှန်မှန်သောက်ပါ
နားလည်တတ်ကျွမ်းတဲ့ ဆရာဝန်နဲ့ ပြသတိုင်ပင်ပြီး ကိုယ်နဲ့သင့်တော်တဲ့ ဆေးကို မှီဝဲပြီး သွေးပေါင်လည်း ပုံမှန်တိုင်းမယ် ဆိုရင် သွေးတိုးရောဂါဆိုတာ ကြောက်စရာရောဂါကြီး မဟုတ်နိုင်တော့ပါဘူးလို့ ပြောပါရစေ။